မော်တော်ကားများက ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ၊ စက်ရုံ အလုပ်ရုံများမှ ထွက်ရှိတဲ့ ဓာတ်ငွေ့များသည် ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ လေထုကို များစွာ ညစ်ညမ်းစေပါတယ်။ အထူးသဖြင့် စက်ရုံ အလုပ်ရုံတွေနဲ့ နီးကပ်တဲ့နေရာမှာ နေထိုင်ရတဲ့သူတွေ၊ မော်တော်ကားများ ဥဒဟို သွားလာနေတဲ့နေရာမှာ နေရတဲ့ လူတွေက လေထုညစ်ညမ်းမှုဒဏ်ကို အကြီးအကျယ် ခံစားရပါတယ်။ ကွီးတို့အနေနဲ့ လေကောင်း လေသန့်တွေ ရှူရှိုက်ချင်တယ်ဆိုရင်တော့ ထို နေရာ တွေက အမြန်ထွက်ပြီး အခုဖော်ပြပေးမယ့် နေရာများဆီ ခြေဆန့်သင့်ပါတယ်။
(၁) တောင်ကြီး ကလော အင်းလေး
ပန်းခင်းလမ်းကို လျှောက်ချင်သလား၊ ဒါမှမဟုတ် ဗျိုက်တောင်မှာ ဓာတ်ဖမ်းချင်သလား၊ ဒီလိုမှ မဟုတ် ဘဝသံသရာ တံတားပေါ်မှာ လျှောက်လှမ်းရင်း ပျော်မြူးချင်သလား။ ကွီးတို့ စိတ်ကြိုက် ပျော်မြူးနိုင်ပါတယ်။ ပြီးတော့ အင်းလေးဘက် ဆက်သွားပြီး လှေကလေးစီးကာ ရေပေါ်ဈေးလေးကို လျှောက်လည်ချင်သလား။ ဒါဆိုရင်တော့ ကလော တောင်ကြီး အင်းလေး မြို့တွေဆီ သွားသင့်ပါတယ်။ ဂဏန်းကျ ရေတံခွန်ဆီ သွားလည်ရင်း သဘာဝနဲ့ နီးစပ်လာအောင်လည်း ဖန်တီးယူနိုင်ပါသေးတယ်။
(၂) ကော့သောင်းရှိ ကမ်းခြေများ
ကော့သောင်းဘက်က ကျွန်းလေးတွေ၊ ကမ်းခြေလေးတွေက နိုင်ငံခြားက ကမ်းခြေတွေလိုပါပဲ။ နိုင်ငံခြား ကမ်းခြေသွားမှ လူရာဝင်တာ မဟုတ်ပါဘူး။ ကိုယ့်မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး လှပတဲ့ အရာတွေက မျက်စိရှေ့တည့်တည့်မှာပဲ ရှိပါတယ်။ အပူအပင်တွေကို ခဏမေ့ပြီး လေကောင်း လေသန့်တွေ ရှူရှိုက်ပြီး စိတ်အပန်းဖြေဖို့အတွက် မြန်မာပြည်တောင်ဖျားပိုင်းက ကော့သောင်းက ကွီးတို့ကို စောင့်ကြိုနေပါတယ်။
(၃) တောင်တန်းတွေ ကာရံထားပြီး လေကောင်းလေသန့်ရတဲ့ ဘားအံမြို့
တိမ်တွေ ဖုံးနေတဲ့ မြို့ကလေးကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ဘားအံမြို့ဆီသို့သာ အရောက်သွားလိုက်ပါ။ ဇွဲကပင်တောင်ပဲ တက်မလား၊ တောင်ဝိုင်း တောင်ပဲ တက်ချင်သလား၊ စိတ်ကြိုက် တက်လို့ရပါတယ်။ ဒါမှမဟုတ် ဆဒ္ဒန်ဂူဆီသွားပြီး လှေစီးကာ ဂူရဲ့ အလှအပကို ခံစားချင်သလား ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်စရာတွေက များလွန်းတော့ ခရီးမသွားခင်ကတည်းက သွားမယ့်နေရာတွေကို သေချာစီစဥ်သင့်ပါတယ်။
ကိုယ့်ပြည်တွင်းထဲမှာ လည်ပတ်လို့ ဝပြီ၊ ပြည်တွင်းက အလှအပတွေကို ရိုးအီသွားပြီဆိုရင်တော့ ပြည်ပထွက်ပြီး လေကောင်း လေသန့် ရှုရှိုက်ဖို့အတွက် ဒီ နေရာ များဆီ သွားသင့်ပါတယ်။
(၄) Tour du Mont Blanc
ဒီတောင်တက်လမ်းလေးကတော့ ပြင်သစ်၊ အီတလီနှင့် ဆွစ်ဇာလန် မြို့ (၃) မြို့တို့ကို ဖြတ်သန်းသွားရဦ တောင်တက်လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ Alps တောင်တန်းကြီးရဲ့ မြင့်မားတဲ့ တောင်ထိပ်ဆီ တက်လှမ်းချင်သူများအတွက် ဒီနေရာက စောင့်ကြိုနေပါတယ်။ တောင်တက်ပြီးသွားတဲ့အခါ ဒေသထွက် အစားအစာများ၊ ဟင်းလျာများကို မြည်းစမ်း စားသုံးနိုင်ပါသေးတယ်။ ဒါ့အပြင် ကွီးတို့က ချိစ်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီခရီးကို လက်မလွတ်ဘဲ အရောက်သွားသင့်ပါတယ်။ ဒီခရီးတစ်ခုလုံးကို အစ အလည် အဆုံး သေသေချာချာ သွားရောက်ချင်ရင်တော့ ၁၀ ရက်လောက် အချိန်ပေးရမှာပဲဖြစ်ပါတယ်။
(၅) ဂျပန်နိုင်ငံရှိ Kumano Kodo
ယူနက်စကိုက မှတ်တမ်းတင်ထားတဲ့ ရှေးအကျဆုံး ခရီးလမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ် ရှေးအကျဆုံး သမိုင်းဝင် တောလမ်းကြောင်းတစ်ခုကတော့ စပိန်နိုင်ငံရှိ Camino de Santiago ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဂျပန်ရောက်ဖြစ်လို့ Trekking လုပ်ဖြစ်တယ်ဆို ဒီနေရာလေးဆီ မဖြစ်မနေ သွားရောက်သင့်ပါတယ်။ လမ်းခရီး တစ်နေရာစီမှာလည်း ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ တည်ရှိပြီး ကွီးတို့ရဲ့ စိတ်နှလုံးကို ငြိမ်းအေးစေမှာပဲ ဖြစ်ပါတယ်။ ဒီခရီးတစ်ခုလုံးကို ပြီးမြောက်အောင် သွားဖို့ဆိုရင်တော့ ၃ ရက်လောက် အချိန်ယူရမှာပဲဖြစ်ပါတယ်။
တောတောင် သဘာဝ အလှအပကို တဝကြီး ခံစားရင်း လေကောင်းလေသန့်များကိုလည်း တဝကြီး ရှူရှိုက်ကာ ကျန်းမာရေးကောင်းအောင် ပြုလုပ်နိုင်တာဆိုတော့ တစ်ချက်ခုတ် လိုက်ရုံနဲ့ နှစ်ချက် သုံးချက်လောက် ပြတ်သွားမှာပါ။
ကွီးတို့ရော မွန်းကြပ်လှတဲ့ မြို့ပြထဲကနေ ရုန်းထွက်ပြီး လေကောင်းလေသန့်ရှူရှိုက်ကာ သဘာဝကြီးနဲ့ မထိတွေ့ချင်ဘူးလား။
Source: Travelandleisure
Featured Image: Freepik