ရုပ်ရှင်ကားကောင်းတွေဆိုတာ ဇာတ်ရှိန်အတက်အကျအလိုက် မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေ ၊ လှည့်ကွက်တွေနဲ့ လှလှပပ ပုံဖော်ထားပြီး ပရိသတ်တွေကို ဇာတ်ရှိန်အမြင့်ဆုံး အထိရောက်အောင် ဆွဲခေါ်ပေးသွားတာမျိုးပါ။ အချို့ရုပ်ရှင်တွေဟာ ပေါ့ပေါ့ပါးပါးနဲ့ ရိုးရိုးရှင်းရှင်းပဲ ဇာတ်အိမ်တည်ထားပေမယ့် အချို့ကတော့ နားလည်ရခက်တဲ့ လှည့်ကွက်တွေ ၊ ထင်မှတ်မထားတဲ့ အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ ဇာတ်ရှိန်ကို တရိပ်ရိပ် မြှင့်တင်လာပေးတာပါ။ ရုပ်ရှင်ဝါသနာအိုး ကွီးတို့ပရိသတ်တို့က ဒီလို လှည့်ကွက် များစွာနဲ့ စိတ်ဝင်စားဖွယ် ရုပ်ရှင် တွေမှ ကြည့်ချင်ပါတယ် ဆိုရင်တော့ အခုပြောပြမယ့် ဇာတ်ကားကောင်းတွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။

(၁) The Usual Suspects (1995)

Source : Paramount Movies Digital

လှည့်ကွက် များစွာနဲ့ ရုပ်ရှင်ပရိသတ်တွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်လွန်းတဲ့ ဇာတ်ကားတွေအကြောင်း ပြောတဲ့အခါ The Usual Suspects ဇာတ်ကားကတော့ ထိပ်ဆုံးကနေ ပြောရမှာပါ။ ဒါရိုက်တာ Bryan Singer ရဲ့ ဖန်တီးမှု လက်ရာ ဒီဇာတ်ကားဟာ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တာဆိုပေမယ့် ပြောင်မြောက်လှတဲ့ အချိုးအကွေ့ ၊ အလှည့်အပြောင်းတွေနဲ့ ဇာတ်ရှိန်ကိုဆွဲတင်ပေးသွားတဲ့ အနုပညာတင်ပြချက်တွေကြောင့် ယနေ့အချိန်အထိ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားအဖြစ် ချီးကျူးခံနေရဆဲ ဖြစ်ပါတယ်။ Crime / Thriller ရုပ်ရှင် အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကိုတော့ ကွီးတို့ပဲ ကိုယ်တိုင် ခံစားကြည့်လိုက်ပါ။ IMDb Rating 8.5/10 ရရှိထားပါတယ်။

(၂) Prisoners (2013)

Source : Rotten Tomatoes Trailers

ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ ရုပ်ရှင်အစကနေ အဆုံးအထိ ကြိုတင်ခန့်မှန်းလို့ မရတဲ့ လှည့်ကွက် တွေနဲ့ Prisoners (2013) ဇာတ်ကားကတော့ ရုပ်ရှင်ဝါသနာအိုးတွေ လက်မလွှတ်တမ်း ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူကို ရှာဖွေဖို့ လိုအပ်နေတဲ့ ဖခင်တစ်ယောက်နဲ့ အမှုလိုက်စုံထောက်တို့ရဲ့ ကြားကဆက်ဆံရေး ၊ ရှုပ်ထွေးလှတဲ့ လူပျောက်အမှုနဲ့ သည်းထိတ်ရင်ဖို Thriller ဆန်ဆန် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Jake Gyllanhaal နဲ့ Hugh Jackman တို့ရဲ့ တွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကို ခံစားရမှာဖြစ်ပြီး IMDb Rating 8.2/10 ရရှိထားပါတယ်။

(၃) Hereditary (2018)

Source : A24

ထိတ်လန့်ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း ကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Hereditary (2018) ဇာတ်ကားကို ညွှန်ပေးပါရစေ။ ဒီဇာတ်ကားက ပုံမှန် သည်းထိတ်ရင်ဖို Horror ရုပ်ရှင်တွေနဲ့ မတူပဲ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ၊ ရှုပ်ထွေးလှတဲ့ မိသားစုရေးရာ လျို့ဝှက်ချက်တွေ ၊ လှည့်ကွက် အချိုးအကွေ့တွေ များစွာနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသမီး Toni Collette ၊ မင်းသားချော Alex Wolff ၊ ကလေးသရုပ်ဆောင် Milly Shapiro နဲ့ မင်းသားကြီး Gabriel Byrne တို့လို ထိပ်တန်း သရုပ်ဆောင်တွေ ပါဝင်ထားပြီး IMDb Rating 7.3/10 ရရှိထားပါတယ်။

(၄) Fight Club (1999)

Source : 20th Century Studios

Fight Club (1999) ကတော့ ထာဝရ အကောင်းဆုံး လှည့်ကွက် ရုပ်ရှင်ဖြစ်သလို ရှယ်ကြီးတဲ့ Plot Twist တွေနဲ့ ၂ ကျော့ပြန် ၊ ၃ ကျော့ပြန်လောက် ကြည့်မှ သေချာသဘောပေါက်နားလည်ပြီး ဇာတ်လမ်းရဲ့ ရည်ညွှန်းဖော်ပြချင်တဲ့ ရသကို ထိထိမိမိ ခံစားနိုင်မယ့် ရုပ်ရှင်ကားကောင်း တစ်ကားပါ။ ဇာတ်ရှိန်အတက်အကျလိုက် ဟာကွက်မရှိအောင် သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Edward Norton နဲ့ Brad Pitt တို့နှစ်ဦးရဲ့ ပြီးပြည့်စုံလွန်းတဲ့ သရုပ်ဆောင်ချက်တွေကတော့ လုံးဝရှယ်ကြီးပါ။ ဇာတ်လမ်းအစကနေ အဆုံးအထိကို ပရိသတ်တွေ ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.8/10 အထိ ရရှိထားပါတယ်။

Source : Man Of Many

Featured Photo : MovieWeb