ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် ဟာ အသင်းရဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နဲ့ ၈ နှစ် စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချနိုင်ဖွယ်ရှိနေတယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ အင်္ဂလန်ကြယ်ပွင့်ဟာ လာမယ့် နွေရာသီမှာ အသင်းကထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ဖို့ စိတ်အားထက်သန်နေကာ ဝက်စ်ဟမ်းအသင်းရဲ့ ယခင် ကမ်းလှမ်းမှုကို ၃ ကြိမ်တိုင် ငြင်းပယ်ခဲ့သူ ဖြစ်ပါတယ်။

Photo : Metro

ဝက်စ်ဟမ်းတို့ဟာ သူ့ကို ကာလရှည်ကမ်းလှမ်းမှုတစ်ခုနဲ့ အသင်းမှာ နှစ်ရှည်ထိန်းထားနိုင်ဖို့ ဆွဲဆောင်နေတာဖြစ်ပေမဲ့ ဒီကလန်ရိုက်စ် ကတော့ ဝက်စ်ဟမ်းမှာ အဲ့ဒီလောက်အချိန်အကြာကြီး စာချုပ်ချုပ်ဆိုဖို့ဆိုတာ ရူးချင်စရာကောင်းတယ်လို့ ထင်မြင်နေပြီး ပယ်ချဖို့ မျှော်လင့်ထားကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သလို ယူရို ၂၀၂၀ မှာလည်း အင်္ဂလန်အသင်းနဲ့အတူ တောက်ပတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဝက်စ်ဟမ်းတို့ကတော့ အသင်းနဲ့ နောက် ၂ နှစ်အတွင်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရိုက်စ်ကို ဆုံးရှုံးရမယ့် အလားအလာရှိနေတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းနဲ့ စတုတ္ထမြောက် ကမ်းလှမ်းမှုကိုလည်း ရိုက်စ်က ထပ်မံပယ်ချနိုင်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ရိုက်စ်က တော့တင်ဟမ်ဟော့ စပါးအသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တဲ့ အင်္ဂလန်အသင်းဖော် ဟယ်ရီကိန်းလို ပိတ်မိနေတဲ့ အလားတူ အဖြစ်မျိုး ဖြစ်လာမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

Photo : Hammers News

ကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်စီးတီးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့် စပါးက မန်စီးတီးရဲ့ ပေါင်သန်း ၁၂၀ တန် ကမ်းလှမ်းမှုကို လက်ခံရန် ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ရိုက်စ်ကို အပြိုင်အဆိုင် ခေါ်ယူနိုင်တဲ့ ထိပ်တန်းအသင်းနှစ်သင်း ဖြစ်ကြပြီး မန်စီးတီးအသင်းကလည်း ကစားသမားရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ရိုက်စ်ရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ချဲလ်ဆီးကတော့ သူလိုချင်နေတဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားများစွာ ရနိုင်ခြေတွေနဲ့ ကစားသမားကို ဆွဲဆောင်သွားဖို့ ရှိနေပါတယ်။

ဒါပေမဲ့အသင်း တော်တော်များများက ရိုက်စ်အတွက် ဝက်စ်ဟမ်း ရဲ့ ကြီးမားတဲ့တောင်းဆိုမှုဖြစ်တဲ့ ပေါင်သန်း ၁၅၀ နဲ့ ကိုက်ညီဖို့ အခက်အခဲများစွာရှိနေကြပြီး ဒါဟာ ဟယ်ရီကိန်းအတွက် စပါးတောင်းဆိုခဲ့သလိုမျိုး အခြေအနေနဲ့ တူညီနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝက်စ်ဟမ်းအသင်း အနေနဲ့ ဒီဈေးနှုန်းအတိုင်း အဆိုပါကစားသမားကို ဝယ်ယူနိုင်မယ့်သူ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်နေပြီး ရိုက်စ်ဟာ လာမယ့်ရာသီမှာလည်း အသင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း ဝက်စ်ဟမ်းတို့က ဆိုထားပါတယ်။

Photo : The Sun

ဒါပေမဲ့ ရိုက်စ်ရဲ့ အသင်းက ထွက်ခွာလိုတဲ့ ဆန္ဒကို ပြောင်းလဲမှာ မဟုတ်သလို စာချုပ်သစ်ချုပ်ဆိုမယ့် ကိစ္စကိုလည်း စိတ်ပြောင်းမှာမဟုတ်ကြောင်း ဝက်စ်ဟမ်းတို့က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်း အသင်းအနေနဲ့ ကာလရှည် ၈ နှစ်စာချုပ်သစ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ် လာခဲ့ပြီးနောက်မှာ ကစားသမားဘက်က ဆန္ဒရှိပါက ၁၀ နှစ်အထိ စာချုပ်သက်တမ်း တိုးသွားဖွယ် ရှိနေပါတယ်။

Featured Photo : Daily Mail