အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ချဲလ်ဆီးအသင်း ၁ – ၁ ဂိုးရလဒ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ တီမို ဝါနာ နဲ့ ကိုင် ဟာဗတ်ဇ်တို့ကို နည်းပြ သောမတ် တူချယ်က ဝေဖန်လိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ပြိုင်ဘက်အသင်းကို ဦးဆောင်ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၁ ကြိမ်ပြုလုပ်နိုင်ပေမယ့် ဒုတိယပိုင်း ပွဲကစားချိန်မှာ မားကို့စ် အလွန်ဆိုရဲ့ သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာတင် ခရစ္စတီယာနို ရော်နယ်ဒိုက ချေပဂိုးပြန်လည် သွင်းယူခဲ့ပါတယ်။

Photo : Sports Illustrated

ဟာဗက်စ်နဲ့ ဝါနာတို့ နှစ်ဦးစလုံးဟာ ဒုတိယပိုင်း ပွဲကစားချိန်အထိ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာတော့ အဆိုပါကစားသမားတွေကို လူကာကူ ၊ ပူလီဆစ်တို့နဲ့ လူစားလဲ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးချိန်မှာ ၎င်းကစားသမား နှစ်ယောက်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ အဝေးကွင်းမှာ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့အတွက် တူချယ်ဟာ သူ့ရဲ့စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။

နည်းပြ တူချယ်က ” ဟုတ်တယ် ၊ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် ဒီနေ့ သူတို့ ၂ ယောက်ရဲ့ ခြေစွမ်းကတော့ အကောင်းဆုံး အနေအထားကို မပြသနိုင်ခဲ့ပါဘူး ၊ သူတို့သာ ခြေစွမ်းပြနိုင်ခဲ့ရင် ကျွန်တော်တို့ အနိုင်ရတဲ့သူတွေ ဖြစ်နေပြီ ၊ ဒါပါပဲ ၊ ဒါပေမယ့် ဘယ်သူ့ကိုမှ လက်ညိုးထိုးပြ နေစရာမလိုပါဘူး ၊ ဒီနေ့ ကျွန်တော်တို့ ဂိုးရဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ အပြည့်အဝ ဒါမှမဟုတ် တဝက်လောက်ရခဲ့ပါတယ်” လို့ Sky Sports ကို ပြောခဲ့ပါတယ်။

အထူးသဖြင့် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေတဲ့ ဟားဗက်စ် ဟာ ဒီနေ့ပွဲစဉ်မှာတော့ ဂိုးသွင်းဖို့ အခွင်းအရေး ၃ ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးရှေမှာပဲ အခွင့်အရေးတွေကို ကောင်းစွာ အသုံးမချနိုင်ပဲ ဖြုန်းတီးသလို ဖြစ်နေခဲ့တာပါ။ ကြာသပတေးနေ့ညက ပွဲစဉ်မှာရုန်းကန်ခဲ့ရပေမယ့် အဆိုပါ ဂျာမန်သားဟာ ချဲလ်ဆီးရဲ့ အားအထားရဆုံး ဂိုးသွင်းအများဆုံး သွင်းယူပေးနေတဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၃ ဂိုးသွင်းယူ ပေးထားပါတယ်။

တူချယ်က ” သူက သူ့ရဲ့ခြေစွမ်းအတိုင်း ပြန်ပြနိုင်ဖို့လိုတယ် ၊ အဲ့ဒီလိုဖြစ်ရမှာ ၊ သူ့အနေနဲ့ ပြသမယ်လို့လည်း မျှော်လင့်ပါတယ်၊ ကစားသမားလေးတွေက ငယ်ရွယ်တဲ့သူတွေပါပဲ၊ ကျွန်တော်တို့ကတော့ လက်ညိုးထိုးပြနေမှာ မဟုတ်တော့ဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နောက်ပိုင်း တော်တော်လေးကို အတွဲညီညီနဲ့ ပြိုင်ဘက်အသင်း ဂိုးရှေ့မှာ ခြေစွမ်းကောင်းတွေ ပြနေတာပါ ၊ ဆောက်သမ်တန်နဲ့ ရီးရဲလ်ကို ဘာနေဗျူးမှာ အနိုင်ရခဲ့တဲ့ ပွဲတွေမှာဆိုရင်လည်း အခွင်အရေးကောင်းတွေရခဲ့ပြီး သူတို့ အကောင်းဆုံး အသေအချာ အသုံးချနိုင်ခဲ့ကြပါတယ် ”

Photo : The Times

” ဒီလိုပါပဲ ၊ အဲတုန်းက အချက်အလက်တွေကြည့်ပြီး ဘယ်သူကတော့ ကစားနိုင်တယ် ၊ ဘယ်သူကမစားနိုင်ဘူး လေ့လာကြည့်မယ်ဆိုရင် ဝါနာ နဲ့ ဟားဗက်စ် တို့က တော်တော် ခြေစွမ်းပြနိုင်ခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ် ၊ ဒါပေမယ့် အခုနောက်ပိုင်း ပွဲတွေမှာ သူတို့ရဲ့ခြေစွမ်းတွေကို အပြည့်အဝ မတွေ့ရဘူးပေါ့ ၊ အဲဒါကြောင့်လည်း ကျွန်တော်တို့ သူတို့ကို ကာကွယ်ပေးရပါမယ် ၊ ဘာကြောင့်လဲဆိုရင် အသင်းလိုက်ကစားရတဲ့ အားကစားဖြစ်တာကြောင့် သူတို့ကိုပဲ အပြစ်တင်နေလို့ မရပါဘူး ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ သူတို့ခြေစွမ်းတွေ ကျလာခဲ့တယ် ” လို့ ပြောကြားခဲ့ပါတယ်။

ဟားဗက်စ် ဟာ ၎င်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပေမယ့် ရှေ့ပွဲတွေမှာတော့ ၅ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဝါနာကတော့ နောက်ဆုံးလိဂ်ပွဲ ၂ ပွဲမှာ တစ်ဂိုးမှ သွင်းယူခြင်းမရှိခဲ့ပေမယ့် ရှေ့ ၂ ပွဲနဲ့ ရီးရဲလ်ကို ၃ -၂ ဂိုး နဲ့အနိုင်ရခဲ့တဲ့ပွဲတွေမှာတော့ ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။

Featured Photo : Daily Mail