ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေတဲ့ ညီအစ်ကိုတို့ ရှိပါသလား။ ကိုယ်အလေးချိန်လျှော့ချတဲ့ နေရာမှာ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ဖို့လိုသလို ညီအစ်ကိုတို့ စားသုံးနေတဲ့ အစားအစာတွေကလည်း အ‌ရေးကြီးပါတယ်။ အချို့သော စားစရာများနဲ့ သောက်စရာများက သကြား၊ သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်နှင့် အဆီများသော်လည်း ပရိုတင်းနှင့် အမျှင်ဓာတ်များကဲ့သို့ အရေးကြီးသော အာဟာရဓာတ်များ နည်းပါးပါတယ်။ ဒါတွေက ကိုယ်အလေးချိန်ကျဖို့ ပိုခက်ခဲစေပြီး ကျန်းမာ‌ရေးအပေါ်ကိုတောင် ဆိုးကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့‌ နေရာမှာ မှန်ကန်သော စားသောက်မှုပုံစံ ဖြစ်ဖို့လိုပါတယ်။ များသောအားဖြင့် ဝိတ်ချနေတဲ့ သူတော်တော်များများက ကယ်လိုရီများတဲ့ စားစရာတွေကို ရှောင်ကြသော်လည်း သောက်စရာတွေကိုတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ပါတယ်။ ဒီနေ့မှာတော့ ဝိတ်ချနေတဲ့ ညီအစ်ကိုတို့ အတွက် ရှောင်ရမယ့် သောက်စရာ အချို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကော်ဖီ

ဝိတ်ချနေတဲ့ ညီအစ်ကိုတို့

Photo : TED Ideas

၁၂ အောင်စ Mocha ကော်ဖီတစ်ခွက်က ကယ်လိုရီ ၃၀၀ နီးပါး ရှိနိုင်ပြီး  Vanilla Latte က ကယ်လိုရီ ၂၀၀ ရှိပါတယ်။ ဝိတ်ချနေတဲ့ ကွီးတို့ကတော့ ဒီလို ကော်ဖီတွေ သောက်သုံးတာကို သတိပြုရပါမယ်။ တကယ်လို့ ကွီးတို့က ကော်ဖီကို မဖြစ်မနေ သောက်သုံးချင်တယ်ဆိုပါက Black Coffee ကို သောက်သုံးနိုင်ပါတယ်။ Black Coffee က ကယ်လိုရီကင်းစင်ပြီး Antioxidants ကြွယ်ဝပါတယ်။

ဆိုဒါ

ဝိတ်ချနေတဲ့ ညီအစ်ကိုတို့

Photo : Eat This Not That

ဝိတ်ချနေသူများ လုံးဝရှောင်သင့်တဲ့ သောက်စရာထဲမှာ ဆိုဒါ ပါပါတယ်။ ဆိုဒါက ပျှမ်းမျှ ၁၂ အောင်စမှာ သကြား လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းခန့် ကယ်လိုရီ ၁၃၀ လောက်ပါဝင်ပါတယ်။ တစ်နေ့ကို ဆိုဒါတစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုပြီး သောက်သုံးမိရင် ဝမ်းဗိုက်မှာပါ အဆီတွေ စုလာနိုင်ပါတယ်။

Mocktails

Photo : BBC Good Foods

အယ်လ်ကိုဟော မပါဝင်တာနဲ့ပဲ ကယ်လိုရီကင်းစင်တယ်လို့ ပြောလို့မရပါဘူး။ ဖျော်ရည်များမှာ အသုံးပြုသော သစ်သီးဖျော်ရည်များပေါ်မူတည်ပြီး Mocktail များမှာ သကြားနှင့် ကယ်လိုရီများ မြင့်မားစွာ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေသူဆိုပါက Mocktails များသောက်သုံးမယ်ဆိုရင်လည်း အမျိုးအစားကို သေချာရွေးချယ်ဖို့ လိုပါတယ်။

အားဖြည့်အချိုရည်များ

Photo : The Manual

အားဖြည့်အချိုရည်များက ကဖိန်းဓာတ်ကို အဓိကပေးစွမ်းပြီး တတ်ကြွလန်းဆန်းစေသော်လည်းပဲ ၎င်းတို့မှာ ဗီတာမင်များ၊ ဆေးဖက်ဝင်အပင်များ၊ ဖြည့်စွက်စာများ၊ Creatine နှင့် သကြားကဲ့သို့သော အခြားအရာများ ပါဝင်တတ်ပါတယ်။ ကွီးတို့က အားဖြည့်အချိုရည်များကို သောက်သုံးဖို့လိုတယ်ဆိုလျှင် အညွှန်းကို ကြည့်ပြီး ကယ်လိုရီပါဝင်မှုကို သေချာစွာ စစ်ဆေးဖို့လိုပါတယ်။

နောက်တစ်ချက် အနေနဲ့ကတော့ ဝိတ်ချနေသူများအတွက် ဘီယာ၊ ဝိုင်တို့အပြင် အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာများ သောက်သုံးရာမှာလည်း သတိပြုသင့်ပါတယ်။  အယ်လ်ကိုဟော တစ်ဂရမ်မှာ ၇ ကယ်လိုရီ ခန့် ပါဝင်နိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေသူများအတွက် ဖော်ပြပေးထားတဲ့ သောက်စရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်ဖို့ ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။

Source : WedMD

Featured Photo : Eat This Not That