ဝိုင်ပြုလုပ်နည်းက တကယ်တော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဝိုင် နှစ်သက်တဲ့ ကွီး တို့အတွက် ထိုလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးကို ကိုယ့်အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ် နိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။

ဝိုင်ကို အနည်းငယ် ဖော်စပ်ပြီးတာနဲ့ သဘာဝအတိုင်း သိုလှောင်ထားလိုက်မယ်ဆိုတာနဲ့ အရသာရှိတဲ့ ဝိုင်တစ်ခုဖြစ်သွားပါပြီ။ ဝိုင်ကို စတင်တွေ့ရှိတုန်းကလည်း မတော်တဆနဲ့ တွေ့ရှိသွားတာဖြစ်ပါတယ်။

ဝိုင်ပြုလုပ်ဖို့အတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ စပျစ်တွဲ အမြောက်အများ၊ သကြား၊ သန့်စင်ထားသောရေနှင့် ဝိုင်ပြုလုပ်ရမယ့် တဆေးတို့ လိုအပ်ပါတယ်။

ဝိုင်ပြုလုပ်နည်းကို အပိုင်း (၃) ပိုင်း ခွဲခြားထားပါတယ်။ အရင်ဦးဆုံး ပထမပိုင်းကို လေ့လာကြည့်လိုက်ရအောင်။

ပထမပိုင်း

ဝိုင် ဖျော်စပ် ကွီး

Photo: Lovetoknow

အရင်ဦးဆုံး စပျစ်သီးများကို သန့်ရှင်းစင်ကြယ်အောင် ရေဆေးလိုက်ပါ။ ထို့နောက် စပျစ်သီးများကို စပျစ်ခိုင်ကနေ တစ်လုံးချင်း ဖြုတ်ပေးလိုက်ပါ။

ရရှိလာတဲ့ စပျစ်သီးများကို ဇလုံအကြီးတစ်ခုထဲထည့်ပြီးနောက် စပျစ်ရည်များရအောင် ချေမွလိုက်ပါ။ အချို့ကတော့ ခြေထောက်နှင့် နင်းကာ ချေမွကြပါတယ်။ ကွီးတို့အနေနဲ့ ဝိုင်အများအပြား ပြုလုပ်ချင်တာဆိုရင်တော့ Fruit Press စက်တစ်လုံး ငှားရမ်းဖို့တော့ လိုအပ်ပါလိမ့်မယ်။

စောစောက စပျစ်ရေထဲကို တဆေးထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် သကြားအလွန်အကျွံ မထည့်မိဖို့ရန်အတွက် Hydrometer ထည့်ထားလိုက်ပါ။ ထို့နောက် သကြားထည့်ကာ Hydrometer ရဲ့ သကြားပမာဏက ၁.၀၁၀ အထိ ကွက်တိဖြစ်နေရပါမယ်။ ပြီးသွားပြီဆိုတာနဲ့ Hydrometer ထုတ်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

ပြီးရင်တော့ ထိုစပျစ်ရည်များကို သန့်စင်တဲ့အဝတ်စဖြင့် လုံအောင် အုပ်ထားပြီး ၁၀ ရက်ခန့် အချဉ်ဖောက်ထားရမှာဖြစ်ပါတယ်။

ဒုတိယပိုင်း

ဝိုင် ဖျော်စပ် ကွီး

သတ်မှတ်ရက်ပြည့်တဲ့အခါမှာတော့ စပျစ်ရည်များကို အဖတ်များ မပါစေဘဲ အရည်သီးသန့်စစ်ယူလိုက်ပါ။ ထို့နောက် စပျစ်ရည်သိုလှောင်မယ့် ပုံးထဲသို့ ပြောင်းထည့်လိုက်ပါ။ လေလုံအောင် ပိတ်ထားပြီးနောက် ရက်သတ္တပတ်အနည်းငယ်ကြာ သိုလှောင်ထားလိုက်ပါ။ (အချို့ကလည်း ၂ လကနေ ၃ လအထိ ထားထားလေ့ရှိပါတယ်။)

တတိယပိုင်း

wine making

နောက်ဆုံးအပိုင်းမှာတော့ စောစောကရလာတဲ့ စပျစ်ဝိုင်များကို ဝိုင်ပုလင်းထဲ ပြောင်းထည့်လိုက်ပါ။ ပုလင်းအဆို့ဖြင့် လုံအောင် ပိတ်ထားပြီးတဲ့နောက်မျာတော့ ပုလင်းကို ထောင်လျက်သားဖြင့် သုံးရက် ထားထားရပါမယ်။

သုံးရက်ပြည့်တဲ့နောက်မှာတော့ ထိုပုလင်းကို ၅၅ ဒီဂရီဖာရင်ဟိုက် အပူချိန်တွင် ထားထားရပါမယ်။

ဝိုင် နီ ဖျော်စပ် တဲ့ ကွီး တို့အတွက်ကတော့ ထိုဝိုင်နီသည် အနည်းဆုံး ၁ နှစ်ကြာသည်အထိ အထားခံပြီး ဝိုင်ဖြူကတော့ ၆ လအတွင်း သောက်သုံးပေးရမှာဖြစ်ပါတယ်။

ကိုယ့်အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဝိုင် ဖျော်စပ် ဖူးတဲ့ ကွီး တို့အနေနဲ့ အတွေ့အကြုံလေးတွေကို ဝေမျှပေးခဲ့ပါဦး။

Source: Allrecipes.com

Featured Image: Kent.ac.uk