ဝီစကီ တွေရဲ့ မူလအစအကြောင်း ပြောရင် ငြိမ့်ငြိမ့်လေး မူးတဲ့ ယမကာရဲ့ အရသာလိုပဲ ထူးခြားမှုတွေ အများကြီး ရှိပါတယ်။ ဝီစကီ Whisky တွေဟာ ကမ္ဘာပေါ်မှာ ဟိုးလွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကျော်ကတည်းက စတင် ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ ဝီစကီနဲ့ ကမ္ဘာကျော်တဲ့ စကော့တလန် ကုန်းမြင့်နေယာသမားတွေဟာ ဘာလီကနေ အချဉ်ဖောက် ပေါင်းခံပြီး ဝီစကီ ဖြစ်အောင် လုပ်နည်းကို ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးတွေဆီကနေ ရခဲ့တာလို့ ဆိုပါတယ်။
Whisky ဆိုတာ ဂဲလစ်စကား Uisge Beatha (အသက်ရေ) ကနေ ဆင်းသက်လာပါတယ်။ ဝီစကီ Whisky ကို အစောပိုင်းက အကိုက်အခဲပျောက်ဖို့နဲ့ တော်ရုံအဖျားအနာသက်သာဖို့ ဆေးတစ်လက်အဖြစ် သုံးခဲ့တာ ဖြစ်ပါတယ်။ ယမကာတွေရဲ့ ခေတ်ဦးပိုင်းဟာ ကျန်းမာရေးအတွက် ဆေးဝါးတစ်လက်အဖြစ် အသုံးဝင်အောင် တီထွင်ဖန်တီးရာက စတင်ခဲ့တာပါ။
Photo : matthew clark
သမိုင်းကြောင်းအရဆိုရင် BC ဒုတိယထောင်စုနှစ် လို့ ခေါ်ကြတဲ့ ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ နဲ့ ၂၀၀၀ အတွင်းကတည်းက မက်ဆိုပိုတေးမီးယားက ဘေဘီလိုးနီးယန်းတွေဟာ ပေါင်းခံချက်လုပ်တဲ့ အတတ်ပညာ တတ်မြောက်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ ပေါင်းခံခြင်း အတတ်ပညာက ရေမွှေးရဖို့ပဲ ဖြစ်ပြီး သောက်လို့ရတဲ့ အယ်လ်ကိုဟောကို မထုတ်နိုင်သေးပါဘူး။
ဂရိနဲ့ ရောမအင်ပါယာတို့ရဲ့ အတက်အကျ လောကဓံအကြားမှာ ပေါင်းခံချက်လုပ်ခြင်းအတတ်လည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီအစား ဝိုင်ဖောက်တာပဲ ခေတ်စားလာခဲ့ပါတယ်။ ဥရောပတလွှားမှာ ဝိုင်ချက်လုပ်နည်းတွေ ပျံ့နှံ့နေချိန် စကော့တလန်ရောက် ဘုန်းကြီးတွေက စပျစ်မပါဘဲ စပျစ်အစား ပြောင်း ၊ ဂျုံစတဲ့ အစေ့အဆံတွေနဲ့ ဝီစကီပုံစံ စတင် ချက်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီလို ပေါင်းခံချက်လုပ်နည်းကို အိုင်းရစ်နဲ့ စကော့တလန်တွေဟာ လွယ်လွယ်လေး ရခဲ့တာတော့ မဟုတ်ပါဘူး။
ဝီစကီကို ပေါင်းခံချက်လုပ်တဲ့ အိုးကြီးတွေရဲ့ ဒီဇိုင်းကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်ကျောင်းထွက် Aeneas Coffey ဆိုသူက တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉ ရာစုနှစ်တွေအတွင်းမှာ အိုင်ယာလန်ဟာ ကမ္ဘာ့အကြီးဆုံး ဝီစကီထုတ်လုပ်ရာ နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၁ ရာစုနဲ့ ၁၂ ရာစုနှစ်တွေမှာ သာသနာပြုဘုန်းတော်ကြီးတွေဟာ အိုင်ယာလန်နဲ့ စကော့တလန်တို့ဆီကို ဝီစကီချက်လုပ်နည်း ယူဆောင်လာခဲ့ပါတယ်။
စကော့တလန်ဝီစကီသမိုင်းဟာ ၁၄၉၄ ခုနှစ်မှာ စတင်ကြတယ်လို့ ပြောပါတယ်။ တကယ်တော့ ဝီစကီချက်လုပ်မှုမှာ အိုင်ယာလန်က စကော့တလန်ထက် ပိုစောပါတယ်။ ပြောစကားအရ အိုင်းရစ်ခရစ်ယာန် ဘုန်းတော်ကြီးတွေဟာ ဝီစကီချက်လုပ်နည်းကို လေ့လာဖို့ ကမ္ဘာပတ်ရှာဖွေခဲ့ပြီး အေဒီ ၅၀၀ နဲ့ ၆၀၀ အကြားမှာ အာရေဗျဒေသကနေ နည်းလမ်းရခဲ့တယ်လို့ ဆိုပါတယ်။
Photo : whiskey business club
အာရေဗျကနေ ပေါင်းခံချက်လုပ်နည်း အတတ်ပညာ သင်ယူပြီး အိုင်ယာလန်ကို ပြန်လာချိန်မှာ သူတို့ဟာ ရေနဲ့ ကောက်ပဲသီးနှံတွေ ပေါင်းခံမှုအတတ်မှာ ကျွမ်းကျင်သူတွေ ဖြစ်လာခဲ့တယ်လို့ ပြောကြပါတယ်။ ဝီစကီမှာ ပါတဲ့ ပါဝင်ပစ္စည်းနဲ့ ထုတ်လုပ်မှုနည်းလမ်းနဲ့ သုံးတဲ့ ရေအရည်အသွေးပေါ်လိုက်ပြီး အမျိုးအစား ကွဲပြားပါတယ်။ စကော့တလန်ထုတ် ဝီစကီတွေအားလုံး အညှောင့်ဖောက် ၊ အခြောက်လှမ်းထားတဲ့ ဘာလီစေ့ကနေ ထုတ်ပါတယ်။ အမျိုးအစားအနေနဲ့ Single Malted ၊ Blended ဆိုပြီး ရှိကြပါတယ်။
နောက်ပိုင်းမှာတော့ ဝီစကီထုတ်လုပ်ရေးလောကကို စကော့တလန်နဲ့ အိုင်းရစ်တို့အပြင် အမေရိကန် နဲ့ ဂျပန်တို့လည်း နေရာရလာပြီး ဘော်ဘွန်း ၊ ရိုင်းဝီစကီနဲ့ ဂျပန်ဝီစကီတွေလည်း ကမ္ဘာကျော်နေပြီ ဖြစ်ပါတယ်။
Featured Photo : iStock