ယနေ့ခေတ်က အပြိုင်အဆိုင်များတဲ့ ခေတ်ဖြစ်ပြီး အမြဲတမ်း သင်ယူလေ့လာနေမှသာ သူများနဲ့ယှဉ်နိုင်မှာပါ။ ထို့အပြင် ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ဆိုရင် အမြဲသင်ယူလေ့လာနေပြီး ကိုယ့်ရဲ့ အရည်အချင်းကို ဖြည့်တင်းနေဖို့လိုပါတယ်။ သင်ယူတာကို လုပ်နေပေမယ့်လည်း ထင်သလောက်မြန်ဆန်မှု မရှိတာမျိုး အချိန်ကြာနေတာမျိုးဆိုရင်တော့ အဆင်မပြေပါဘူး။ ဘယ်အရာကို မဆို သင်ယူနိုင်စွမ်းမြန်ပြီး ပြန်လည်အသုံးချနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ အသုံးဝင်ပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက ကွီးတို့က ဘာသာစကား အသစ်တစ်ခုကို သင်ယူတာမှာဖြစ်စေ၊ စာလေ့လာတာမှာဖြစ်စေ ဘယ်လိုအရာကိုမဆို သင်ယူနိုင်စွမ်း ကို မြှင့်တင်ရာမှာ အသုံးချနိုင်ပါတယ်။
ချရေးပါ
Photo : Real Man Real Style
ဒီနေ့ခေတ်မှာ လူအများစုက မှတ်စုများကို လက်ဖြင့်ချရေးတာမျိုး ရှားသွားပါပြီ။ ကွန်ပျူတာနဲ့ မှတ်တာမျိုးကို ပိုလုပ်ကြပါတယ်။ သုတေသနပြုချက်များက ဖော်ပြထားတာကတော့ လက်ဖြင့် မှတ်စုများ၊ မိမိလေ့လာရမယ့် အရာများကို ချရေးခြင်းက ပိုမိုလေ့လာနိုင်ရုံသာမက ပိုမိုမှတ်မိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ဖြင့် ချရေးခြင်းက နားလည်နိုင်စွမ်းနဲ့ ပိုကြာကြာ မှတ်မိနိုင်စွမ်းကိုလည်း တိုးမြှင့်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ မှတ်စုကို ဖြစ်စေ၊ ကိုယ်လေ့လာနေတဲ့ ဘာသာစကားများကို ဖြစ်စေ၊ ပိုမိုနားလည်မှတ်မိချင်ရင် ချရေးကြည့်ပါ။ ထိရောက်တာ တွေ့ရမှာပါ။
အာရုံစူးစိုက်ပါ
Photo : Entrepreneur
ကွီးတို့ရေ စာလေ့လာနေရင်ဖြစ်စေ၊ အလုပ်လုပ်နေရင်ဖြစ်စေ အာရုံစူးစိုက်မှုက တကယ်ကို အရေးကြီးပါတယ်။ အာရုံစူးစိုက်မှုမရှိရင် အချိန်ဘယ်လောက်ကြာနေပါစေ ထိရောက်မှု မရှိနိုင်ပါဘူး။ ဒါ့ကြောင့် တစ်နာရီပဲ ဖြစ်စေ၊ နှစ်နာရီပဲဖြစ်စေ တစ်ခုခုကိုလေ့လာသင်ယူမယ်ဆိုပါက အာရုံစူးစိုက်မှု အပြည့်အဝထားရှိပါ။ အာရုံစူးစိုက်မှုရှိခြင်းကလည်း ကွီးတို့ရဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
အသံထွက်ဖတ်ပါ
Photo : Neuro Behavioral Associates
ကိုယ်လေ့လာသင်ယူနေတဲ့ အရာနဲ့ ပတ်သတ်ပြီး အချက်အလက်ကို ကိုယ်တိုင် ထပ်ခါထပ်ခါ နားထောင်ခြင်းက ကွီးတို့ကို ပိုမိုလွယ်ကူစွာ မှတ်မိစေပါတယ်။ စာအုပ်၊ ဝဘ်ဆိုဒ် သို့မဟုတ် မှတ်စုများမှ လေ့လာနေပါက အသံထွက်ဖတ်ပါ။ အရေးကြီးသောအရာကို မကျော်သွားစေရန် စာသားကို ဖြည်းဖြည်းချင်း ဖတ်သွားပါ။ အချက်အလက်ကို အသံကျယ်ကျယ်ပြောလေ၊ ဦးနှာက်မှ မှတ်မိရန် ပိုမိုလွယ်ကူလေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကွီးတို့က ဘာသာစကားအသစ်တစ်ခုကို သင်ယူရန် ကြိုးစားနေပါက၊ ၎င်းတို့ကို သင်ယူစဉ်တွင် ဝေါဟာရစကားလုံးများနှင့် ဝါကျများကို ပြောဆိုလေ့ကျင့်ပါ။ ဒီလို တတ်ကြွစွာပြောဆိုလေ့ကျင့်ခြင်းဖြင့် အချက်အလက်များကို ရေရှည်မှတ်မိဖို့ အထောက်အကူပြုပါတယ်။
ကိုယ်ကိုယ်ကို ပြန်လည်စမ်းသပ်ကြည့်ပါ
Photo : Very well Mind
ကွီးတို့အနေနဲ့ ကိုယ်လေ့လာခဲ့တဲ့အရာတွေ၊ အချက်အလက်တွေကို သေချာမှတ်မိရဲ့လားဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ရဲ့လိုအပ်ချက်များ၊ ပိုမို လေ့လာမှတ်သားသင့်တဲ့ အရာများကို သိရှိနိုင်ပြီး ပြန်လည်လေ့ကျင့်နိုင်ပါတယ်။ ကောင်းစွာ သိပြီးသားအရာများကို အာရုံစိုက်ပြီး အချိန်ကုန်ခြင်းမှလည်း သက်သာစေပါတယ်။ ဒီအချက်က ကိုယ့်ရဲ့ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း သိစေပြီး ပြန်လည်ပြင်ဆင်ခြင်းဖြင့် ကိုယ်လေ့လာနေတဲ့ အရာကို ပိုမိုသဘောပေါက်စေပါတယ်။ ဒါ့အပြင် သင်ယူလေ့လာမှုကိုလည်း လျင်မြန်စေပါတယ်။
တစ်ပြိုက်နက်တည်း အများကြီး လေ့လာတာမျိုး မလုပ်ပါနဲ့
Photo : Sciencing
ကွီးတို့ရေ ကြိုးစားချင်စိတ်ရှိပြီး အရာအားလုံးကို တတ်မြောက်ချင်တာ တကယ်ကို ကောင်းတဲ့အချက်ပါ။ သို့သော်လည်း တစ်ပြိုင်နက်တည်း နှစ်ခု၊ သုံးခု လေ့လာပြီး အလွန်အကျွံကြိုးစားခြင်းက မှတ်မိဖို့နဲ့ သင်ယူရာမှာ ခက်ခဲစေပါတယ်။ တစ်ချိန်တည်းမှာ အများကြီးလေ့လာတာမျိုးက ဘာကိုမှ သေချာမှတ်မိနိုင်မှာ မဟုတ်တဲ့အပြင် အာရုံစူးစိုက်မှုလည်း မရှိစေပါဘူး။ ဒါ့အပြင် တစ်ခုကို ၁၀ မိနစ် ၁၅ မိနစ်လောက် လေ့လာပြီး၊ နောက်တစ်ခုကို ပြောင်းလေ့လာတာမျိုး မလုပ်ပါနဲ့။ ကွီးတို့အနေနဲ့ တစ်ခုခုကို လေ့လာမယ်ဆို ကိုယ်တိုင် နားလည်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကိုလိုက်ပြီး အချိန်တစ်ခု သတ်မှတ်ပါ။ လေ့လာစရာ အများကြီးရှိနေလျှင်တောင် အချိန်သတ်မှတ်ပြီး တစ်ခုပြီးမှ တစ်ခုလေ့လာပါ။
လေ့ကျင့်ခန်းလုပ်ပြီး အိပ်ရေးဝဝအိပ်ပါ
Photo : Experience Life Time
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကို နှိုးဆွပေးပြီး လန်းဆန်းနေစေပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်မှု အားလုံးကို တိုးတက်ကောင်းမွန် စေပါတယ်။ ဒီအချက်က ကွီးတို့ရဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်သာမက အလုံးစုံသော ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ နောက်တစ်ချက်ကတော့ ကောင်းမွန်စွာ အိပ်စက်အနားယူးဖို့ ဖြစ်ပါတယ်။ အိပ်ရေးဝခြင်းက ဦးနှောက်ကို အထောက်အကူပြုသည်သာမက စိတ်ရော ခန္ဓာကိုယ်ပါလန်းဆန်းစေပြီး တတ်ကြွစေပါတယ်။
ဒီအချက်လေးတွေက ကွီးတို့ရဲ့ သင်ယူနိုင်စွမ်း ကို မြှင့်တင်နိုင်ဖို့ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းလေးတွေထဲက အချို့ဖြစ်ပါတယ်။ ကွီးတို့ကျင့်သုံးနေတဲ့ သင်ယူလေ့လာနိုင်စွမ်းကို မြှင့်တင်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Featured Photo : Vista Create