ဘာစီလိုနာ အသင်းကတော့ အသက်ရလာပြီဖြစ်တဲ့ ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ ပိုလန်တိုက်စစ်မှူးဟာ လာလီဂါ ဘီလူးကြီးတွေနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး လာမယ့် ၂၀၂၆ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ တိုက်စစ်းမှူး နေရာအတွက် ကိန်းကို ချက်ချင်းအစားထိုး ခန့်အပ်ဖို့ ပြင်ဆင်နေတာပါ။

Harry Kane

Photo : Goal.com

El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုဟာ လာမယ့်နွေရာသီမှာ ကိန်းကို ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူနိုင်ရေးအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ အသင့်ဖြစ်နေပြီး အင်္ဂလန်ကြယ်ပွင့်ကို လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကိန်းဟာ ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ထူးခြားတဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး အခုချိန်မှာတော့ ဘွန်ဒက်လီဂါကလပ်အသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကိန်းဟာ လာမယ့်နှစ်မှာ အတွေ့အကြုံကောင်းတွေနဲ့အတူ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ဘာစီလိုနာအသင်းအတွက် ယူဆောင်လာပေးနိုင်ပါလိမ့်မယ်။

အင်္ဂလန်တိုက်စစ်မှူးကို ဘာစီလိုနာ အသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်ကလည်း သဘောကျနေပြီး ကိန်းဟာ သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပြင်သစ်နောက်ခံလူ ဒါယော့ အူပါမီကာနိုကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဗဟိုနောက်ခံလူအသစ်တစ်ဦး အသည်းအသန် လိုချင်နေပြီး ပြင်သစ်လက်ရွေးစင်ကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

Harry Kane
Photo : Goal.com

ဘာစီလိုနာ အသင်းဥက္ကဌ ဂျိုအန် လာပေါ်တာကတော့ လာလီဂါကလပ်မှာ တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး မန်စီးတီးကြယ်ပွင့် အာလင် ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ လက်ရှိငွေကြေးဆိုင်ရာ အခက်အခဲတွေကို ထည့်စဉ်းစားမယ်ဆိုရင် လက်ရှိစီးတီးနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိတဲ့ နော်ဝေဂိုးသွင်းစက်ကို ခေါ်ယူဖို့က ခက်ခဲနေမှာ ဖြစ်ပါတယ်။

Featured Photo : Goal.com