ဟောလီဝုဒ် ရုပ်ရှင်လောကမှာ သာမန် သူလိုကိုယ်လို ဘော်ဒီထက် အပြတ်အသတ် အချိုးအဆစ်ကျလှတဲ့ ရုပ်ရှင် မင်းသား တွေ အများကြီး ထွက်ပါတယ်။ စူပါဟီးရိုး နဲ့ ကမ္ဘာကြီးကို ကယ်တင်မယ့် ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်နေတဲ့ မင်းသားတွေ ဖြစ်လို့ သူတို့ဘော်ဒီနဲ့ပတ်သက်လို့ Superman ပုံထွက်အောင် တကူးတက လေ့ကျင့်တည်ဆောက်ထားကြတာပါ။
ငွေရောင်ပိတ်ကားထက်မှာ သရုပ်ဆောင်မှု မလုပ်ခင် Gym Session ပေါင်းများစွာ ကစားထားပြီး Bodybuilding ကစားထားတဲ့ ရုပ်ရှင်မင်းသားတွေထဲမှာ အခုပြောမယ့် ဟောလီဝုဒ်မင်းသားတွေကတော့ အသန်မာဆုံးနဲ့ အတောင့်တင်းဆုံး ဘော်ဒီပိုင်ရှင်တွေလို့ ဆိုနိုင်ပါတယ်။
(၁) Arnold Schwarzenegger

Photo : medium
မောင့်အိုလံပီယာဆုကို ၈ ကြိမ်နဲ့ ဒုတိယအများဆုံးဆုရှင် ကာယဗလမောင် ဖြစ်ခဲ့ဖူးတဲ့ မင်းသားကြီး အာနိုး ရှဝါဇနက်ဂါရဲ့ ဘော်ဒီကတော့ တစ်သန်းမှာ တစ်ယောက် ရှိနိုင်မှာ မဟုတ်တဲ့ ဘော်ဒီမျိုးပါ။ Deadlift ကို အများဆုံး ၆၈၃ ပေါင် (ကီလိုဂရမ် ၃၁၀) နဲ့ Bench Press Max ၄၄၁ ပေါင် (ကီလိုဂရမ် ၂၀၀) မ, နိုင်သလို Squat ကို အမြင့်ဆုံး ၄၇၄ ပေါင် ( ၂၁၅ ကီလိုဂရမ်) ကစားနိုင်သူလည်း ဖြစ်ပါတယ်။
ဟောလီဝုဒ် လောကထဲက လူသန်ကြီးအဖြစ်ရော ကယ်လီဖိုးနီးယား မြို့တော်ဝန်အဖြစ်ပါ ကျင်လည်ခဲ့တဲ့ မင်းသားကြီးဟာ အသက် ၇၅ နှစ် ရှိပြီ ဖြစ်တာတောင် သူ့ဘော်ဒီက ယောကျ်ားသားအများစု စိတ်ကူးယဉ်စရာဘော်ဒီ ဖြစ်နေဆဲပါပဲ။
(၂) Dwayne The Rock Johnson

Photo : goodfon
A-List စာရင်းဝင် ဟောလီဝုဒ်အက်ရှင်မင်းသားကြီးတွေထဲက နောက်ထပ် ဧရာမဗလကြီးတစ်ဦးက The Rock လို့ လူသိများကြတဲ့ ဒွိုန်းဂျွန်ဆင်ပဲ ဖြစ်ပါတယ်။ Instagram Follower ၂၀၅ သန်း ရှိထားပြီး တစ်ခါက WWE ပရော်ဖက်ရှင်နယ် နပန်းသမားကြီးဟာ Gym မကစားရရင် မနေနိုင်သူတစ်ဦး အဖြစ်လည်း လူသိများပါတယ်။ သူ့ရဲ့ ဧရာမဗလတွေနဲ့ ဘော်ဒီကို ထိန်းသိမ်းဖို့ တစ်ပတ်ကို တစ်ပတ် ၆ ရက် ၊ တစ်ရက် နှစ်ကြိမ်အထိတောင် ပြင်းပြင်းထန်ထန် Gym ကစားတယ်လို့ ဆိုပါတယ်။
ခရီးသွားချိန်မှာတောင် Gym ကစားမပျက်ရအောင် Iron Paradise လို့ နာမည်ပေးထားတဲ့ Portable Gym လေးနဲ့ အားကစားလုပ်တယ်လို့ ပြောပါတယ်။ Bench Press အများဆုံး ၄၂၅ ပေါင် (၁၉၂ ကီလိုဂရမ်) ကစားနိုင်ပြီး အမိုက်စား ဘော်ဒီ ကြောင့်ပဲ Hercules လို လူသန်ကြီးကားတွေမှာ သရုပ်ဆောင်ခွင့်ရခဲ့တာပါ။ ၁၉၇၂ ခုနှစ်ဖွား The Rock ဟာ အခုဆို အသက် ၅၀ တန်းကို ရောက်လာပြီ ဖြစ်ပေမယ့် သူ့ရဲ့ သန်စွမ်းမှုကတော့ အံ့မခန်းပါပဲ။
(၃) Chris Hemsworth

Photo : themanual
The God Of Thunder မိုးကြိုးနတ်ဘုရား သော်ရ်အဖြစ် ပိတ်ကားပေါ်မှာ မြင်တွေ့ရတဲ့ မင်းသား ကြီး ခရစ္စ ဟမ်းစ်ဝေါ့သ်ရဲ့ ဘော်ဒီကလည်း စူပါဟီးရိုးတစ်ယောက်ရဲ့ ဘော်ဒီ အစစ်ပါပဲ။ ခရစ္စ ဟမ်းစ်ဝေါ့သ်ဟာ ဇာတ်ကောင် ကာရိုက်တာအလိုက် ကိုယ်လိုချင်တဲ့ ဘော်ဒီ ပုံစံ ရဖို့ သူ့ရဲ့ Personal Trainer ဖြစ်တဲ့ Luke Zocchi နဲ့ လေ့ကျင့်သူ ဖြစ်ပါတယ်။ BodyWeight ကစားတာအပြင် ပုံမှန် Powerlifting လေ့ကျင့်ခန်းတွေလည်း ကစားလေ့ရှိပါတယ်။ သူကိုယ်တိုင်လည်း Centr ဆိုပြီး Fitness App တစ်ခု ဖြန့်ချိထားပါတဘ်။
(၄) Zac Efron

Photo : muscleandfitness
အရပ် ၅ ပေ ၉ လက်မ ၊ ၇၉ ကီလိုတန်း ဖြစ်ပေမယ့် ဇက် အက်ဖ်ရွန်ဟာ ဒီတန်းထဲမှာ အကြံ့ခိုင်ဆုံး ဟောလီဝုဒ်မင်းသားတစ်လက်ပါပဲ။ Gym ခန်းတွေထဲမှာ ပျော်မွေ့တဲ့ ဟောလီဝုဒ် မင်းသား တွေထဲက တစ်ဦး ဖြစ်တဲ့အတိုင်း ကိုယ်လက်ကြံ့ခိုင် သန်စွမ်းရေးအတွက် Gym ကစားတာ အပြင် တောင်တက် ၊ ရေလှိုင်းစီး စတဲ့ ဘက်စုံလေ့ကျင့်မှု လုပ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဒီမင်းသားဟာ YouTube မှာလည်း Gym Time ဆိုပြီး သူ့ရဲ့ Workout တွေကို မျှဝေပေးထားပါတယ်။
(၅) Jason Momoa

Photo : manofmany
ဂျေဆန် မွန်မိုရာဆိုတာ ဟောလီဝုဒ်ရုပ်ရှင်လောကသားတွေထဲမှာ အတ္တလန်တစ်ဘုရင် King Of Atlantis ဆိုပြီး Aquaman ဇာတ်ကားနဲ့ လူသိများလာတဲ့ စူပါ ဟီးရိုးမင်းသားကြီးပါ။ မွန်မိုရာဟာ Gym ခန်းထဲမှာတင် ပျော်တဲ့ မင်းသားမျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်က Indoor Workout တွေထက် အပြင်ထွက်ပြီး လေ့ကျင့်ခန်း လုပ်ရတဲ့ Outdoor Workout တွေ ပိုကြိုက်တယ်လို့ ဆိုပါတယ်။
ဟာဝိုင်အီကျွန်း Nankuli ဇာတိ မွန်မိုရာဟာ လှိုင်းစီး ၊ တောင်ကုန်းတက် ၊ လက်ဝှေ့ထိုး ၊ ကျောက်တောင်တက်တာ အပြင် ဝိတ်မတာ ၊ Bodyweight ကစားတာတွေ လုပ်ပြီး သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းပါတယ်။
Featured Photo : goodfon
