မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီက နတ်ကြီးတယ်လို့ ပြောကြပါတယ်။ ဟောလီဝုဒ် ရုပ်ရှင် လောကသားတွေအဖို့တော့ အကယ်ဒမီ နတ်က တော်ရုံဆိုဒ် မဟုတ်လောက်ပါဘူး။ တစ်ခါတလေမှာ Oscar Nomination မှာအထိ ဆန်ကာတင်ဝင်လာပြီး အော်စကာရဖို့ သေချာသလောက် မှန်းထားတဲ့ သရုပ်ဆောင်တွေတောင် အော်စကာနဲ့ ခဏခဏ လွဲရတာမျိုးတွေလည်း ကြုံနေ ကြားနေကျ အတွေ့အကြုံလို ဖြစ်လာပါတယ်။

ဟောလီဝုဒ်ရုပ်ရှင်လောကသားတွေအကြားမှာ ပိုက်ဆံဘယ်လောက် ဝင်ဝင် အော်စကာမှ မရဘူးရင် ဂုဏ်မတက်သလို ခံစားရပါတယ်။ ရုပ်ရှင် သရုပ်ဆောင်သက် နှစ်ပေါင်းများစွာ ကြာပြီး ပရိသတ်တွေ ရင်ထဲထိ ငြိခဲ့တဲ့ ကမ္ဘာကျော်သရုပ်ဆောင်တွေတောင် အော်စကာဆု မရတာလေးနဲ့တင် မပြည့်စုံသလို ဖြစ်စမြဲပါ။ ထိပ်တန်း ဟောလီဝုဒ် သရုပ်ဆောင်ကြီး ဖြစ်တဲ့ လီယိုနာဒို ဒီကာပရီယိုဆို ၁၉၉၄ ခုနှစ်ကတည်းက အော်စကာအတွက် ဆန်ကာတင် ၇ ကြိမ် ပါခဲ့ပြီး နောက်ဆုံး The Revenant မှာမှ အကောင်းဆုံး ရုပ်ရှင် သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် အကယ်ဒမီဆုပေးပွဲမှာ အစီအစဉ်တင်ဆက်တဲ့ ခရစ္စရော့ခ်ကို ပါးတက်ရိုက်ခဲ့တဲ့ ဝီလ်စမစ်လည်း အော်စကာနဲ့ ၂ ကြိမ်တိုင် လွဲခဲ့ပြီး အခုမှ King Richard နဲ့ Best Actor ဆု ရသွားတာ ဖြစ်ပါတယ်။ အခုထက်တိုင် အော်စကာမရသေးပေမယ့် ဂျင်မ် ကာရေး ၊ ဂျွန်နီ ဒက်ပ် ၊ ရိုင်ယန် ဂေါ့စ်လင်း ၊ မတ်ခ် ဝဲလ်ဘတ်ခ် ၊ ဘန် အက်ဖလက် ၊ ဂျွန်ထရာဗိုလ်တာ ၊ ရောဘတ် ဒေါင်းနင်းဂျူနီယာ တို့လည်း နာမည်ကျော်ကြား လူကြိုက်များကြတာပါပဲ။

ဘာပဲ ဖြစ်ဖြစ် အော်စကာတစ်ဆုလောက် ရခြင်းဟာ သရုပ်ဆောင်တစ်ဦးအဖို့ အနုပညာဂုဏ်မြောက်ခြင်းရဲ့ လက္ခဏာအဖြစ် တန်ဖိုးထားကြတာပါပဲ။ ဒီလိုမျိုး အများတန်ဖိုးထားရတဲ့ အော်စကာဆုကို နှစ်ကြိမ်နဲ့အထက် ရထားတဲ့ ထိပ်ထိပ်ကြဲ ထူးချွန်တဲ့ အနုပညာပါရမီရှင်တွေလည်း ရှိကြပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေထဲကမှ သက်ရှိထင်ရှားရှိနေဆဲ အော်စကာ နှစ်ဆုနဲ့ အထက်ရ ကမ္ဘာကျော် ဟောလီဝုဒ် မင်းသားကြီး တချို့နဲ့ ကွီးတို့ကို မိတ်ဆက်ပေးချင်ပါတယ်။

(၁) ဂျက်ခ်နီကိုလ်ဆင် – အကယ်ဒမီ ၃ ဆု ရှင်

ဟောလီဝုဒ် ရုပ်ရှင်

Photo : Esquire

၁၉၃၇ ခုနှစ် ဧပြီလ ၂၂ ရက်ဖွား မင်းသားကြီး ဂျက်ခ်နီကိုဆင်ဟာ ရုပ်ရှင်လောကကနေ အနားယူတာ ကြာပြီ ဖြစ်ပါတယ်။ အခုချိန်မှာ သူ့အသက်လည်း ၈၄ နှစ် ရှိပြီ ဖြစ်လို့ တကယ့်ကို အဘိုးကြီးတစ်ယောက်အနေနဲ့ သူဖြတ်ကျော်ခဲ့တဲ့ အနုပညာသမိုင်းကို ငုံ့ကြည့် အကဲဖြတ်ရမယ့် အချိန်လို့ ဆိုရမှာပါ။ အရွယ်ကောင်းစဉ်က ဂျက်ခ် နီကိုလ်ဆင်ဟာ ဇာတ်ပို့ ၊ ဇာတ်ဆောင် ၊ အသံသရုပ်ဆောင် ၊ ဗီလိန် စတဲ့ ဇာတ်ရုပ်မျိုးစုံနဲ့ သရုပ်ဆောင်ခဲ့သလို အနုပညာလောကရဲ့ အထွဋ်အမြတ်ထားတဲ့ အကယ်ဒမီဆုအပါအဝင် ရုပ်ရှင် ထူးချွန်ဆုမျိုးစုံ ရခဲ့ပါတယ်။

သူ့ရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေအကြောင်း ပြောရင် မပါမဖြစ် ပါတာက Easy Rider (1969) ၊ Five Easy Pieces (1970) ၊ One Flew Over The Cuckoo’s Nest (1975) ၊ Terms Of Endearment (1983) ၊ As Good As It Gets (1997) ၊ Chinatown (1974) နဲ့ The Pledge (2001) တို့ပါပဲ။ ဒီရုပ်ရှင်တွေအပြင် The Shining(1980) လို ထိတ်လန့်သည်းဖိုရုပ်ရှင်ကား ၊ The Batman (1989) လို စူပါဟီးရိုး ရုပ်ရှင် ၊ ဥပဒေဒရာမာကား A Few Good Men (1992) နဲ့ Anger Management (2003) လို ဇာတ်မြူးကားတွေနဲ့လည်း ကျော်ကြားတာပါပဲ။

အော်စကာ ၃ ဆု ရခဲ့ရာမှာ Best Actor ဆုအတွက် One Flew Over The Cuckoo’s Nest နဲ့ As Good As It Gets တွေနဲ့ ရခဲ့ပြီး Best Supporting Actor ဆုကိုတော့ Terms Of Endearment ရုပ်ရှင်နဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟောလီဝုဒ် ရုပ်ရှင်သမိုင်းမှာ အော်စကာ ၃ ခု ရခဲ့တဲ့ ဒီဂုဏ်ထူးဆောင်အနုပညာရှင်ဟာ ရွှေကမ္ဘာလုံးဆုလည်း ၆ ကြိမ်အထိ ရခဲ့ပြီး အမေရိကန်ရုပ်ရှင် အင်စတီကျူ့ဒ်က ပေးတဲ့ တစ်သက်တာရုပ်ရှင်ထူးချွန်ဆုရ အသက်အငယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

(၂) ဒန်နီယယ် ဒေး လူးဝစ် – အကယ်ဒမီ ၃ ဆုရှင်

daniel day lewis

Photo : reuters

ဟောလီးဝုဒ် အမျိုးသားသရုပ်ဆောင်လောကမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု Best Actor ဆုချည်း ၃ ကြိမ်ရတဲ့ တစ်ဦးသော မင်းသားကြီးကတော့ ဒန်နီယယ် ဒေး လူးဝစ်စ်ပါပဲ။ ရုပ်ရှင်လောကကနေ အနားယူသွားပြီ ဖြစ်တဲ့ အင်္ဂလန်သရုပ်ဆောင်ကြီး ဒန်နီယယ် ဒေး လူးဝစ်ဟာ ဆာဘွဲ့ရ သူရဲကောင်းဖြစ်ပြီး ကမ္ဘာကျော် ကဗျာဆရာကြီး စက်စီ ဒေး လူးဝစ်ရဲ့ ဒုတိယမြောက် သားလည်း ဖြစ်ပါတယ်။

ဆယ်စုနှစ် ၄ ခုကျော်ကြာ ရုပ်ရှင်လောကကို ကျင်လည်ခဲ့ရာမှာ သူ့ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာရုပ်ဆိုင်ရာ ဆုအမျိုးမျိုး ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီထဲမှာ အကယ်ဒမီဆု ၃ ကြိမ် ၊ ရွှေကမ္ဘာလုံးဆု ၂ ကြိမ် ၊ Screen Actors Guild Awards ၃ ကြိမ်နဲ့ ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆု ၄ ကြိမ်လည်း ပါဝင်ခဲ့ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Best Actors ဆုနဲ့ အကယ်ဒမီ ၃ ကြိမ်တိုင် ရထားတာ သူတစ်ဦးတည်းပဲ ရှိသေးတာ ဖြစ်ပါတယ်။

အကယ်ဒမီ ရခဲ့တဲ့ ရုပ်ရှင်ကားတွေကတော့ My Left Foot (1989) ၊ There Will Be Blood (2007) နဲ့ Lincoln (2012) တို့ ဖြစ်ပါတယ်။ ဆန်ကာတင်အနေနဲ့ ၆ ကြိမ် ပါခဲ့ပြီး အပေါ်မှာ ပြောခဲ့တဲ့ ဂျက်ခ် နီကိုလ်ဆင်ကတော့ အော်စကာဆန်ကာတင် Nominations ၁၂ ကြိမ်အထိ ဝင်ခဲ့တာပါ။ အသက် ၆၄ နှစ် ရှိပြီ ဖြစ်တဲ့ ဒန်နီယယ် ဒေး လူးဝစ်ဟာ ၂၀၁၄ ခုနှစ်မှာ ရုပ်ရှင်ထူးချွန်မှုကြောင့် သူကောင်းပြုခံခဲ့ရပါတယ်။

(၃) ဒန်ဇဲလ် ဝါရှင်တန် – အကယ်ဒမီ ၂ ဆု

Denzel Washington

Photo : Los Angeles Times

ဒန်နီယယ် ဒေး လူးဝစ်ထက် ၂ နှစ် ပိုကြီးပေမယ့် အမေရိကန် မင်းသားကြီး ဒန်ဇဲလ်ဝါရှင်တန်ကတော့ အခုချိန်အထိ ရုပ်ရှင်လောကထဲမှာ မွေ့လျော်တုန်း ၊ ဇာတ်ကားတွေမှာ ဝင်သရုပ်ဆောင်နေတုန်းပါပဲ။ နှစ်ပေါင်း ၄၀ ကျော်ကြာ ရုပ်ရှင်လောကထဲမှာ ကျင်လည်နေရင်းနဲ့ ဝါရင့်သဘာရင့် တကယ့် ပညာသည်စစ်စစ်တို့ရဲ့ အနုပညာအရည်အသွေးကို ချပြနိုင်ခဲ့လို့ပဲ သူဟာ Tony Award တစ်ဆု ၊ အကယ်ဒမီ ၂ ဆု ၊ ရွှေကမ္ဘာလုံးဆု ၃ ဆု အပါအဝင် ဆုအမျိုးမျိုး ချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၁၆ မှာ မင်းသားကြီးဟာ Cecil B. Demile Lifetime Achievement Award ဆု ရခဲ့ပြီး ၂၀၂၀ မှာ The New York Times ရဲ့ ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် ချီးကျူးခြင်း ခံခဲ့ရပါတယ်။ ၁၉၇၅ ခုနှစ်ကနေ အခုချိန်အထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရာမှာ Malcolm X (1992) ၊ Much Ado About Nothin (1993) ၊ Philadelphia (1993) နဲ့ The Hurricane (1999) ရုပ်ရှင်တွေအပြင် ၂၀၀၇ ခုနှစ်က ထွက်ခဲ့တဲ့ The Great Debaters နဲ့ American Gangster ကားတွေကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။

အော်စကာရခဲ့တဲ့ ရုပ်ရှင်တွေကတော့ Training Day (2001) နဲ့ အကောင်းဆုံး ရုပ်ရှင် သရုပ်ဆောင်ဆု Best Actor ၊ Glory (1989) နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု Best Supporting Actor တို့ပဲ ဖြစ်ပါတယ်။ အော်စကာ Nomination ဆန်ကာတင် ၁၀ ကြိမ်အထိ ဝင်ခဲ့တဲ့ မင်းသားကြီးအဖို့ ဒီထက်မက ထိုက်တန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

(၄) ရောဘတ် ဒီ နီရိုး – အကယ်ဒမီ ၂ ဆုရှင်

robert de niro

Photo : BBC

အသက် ၇၈ နှစ် ရှိပြီ ဖြစ်တာတောင် ရုပ်ရှင်လောကကို သံယောဇဉ်ကြီးတဲ့ နောက်ထပ် ဘိုးတော်ကြီးတစ်ဦးက ဂန္ဓဝင် ရုပ်ရှင်သရုပ်ဆောင် ရောဘတ် ဒီ နီရိုးပဲ ဖြစ်ပါတယ်။ အမေရိကန်-အီတလီသား မင်းသားကြီးရဲ့ ရုပ်ရှင်ဘဝက ခန်းနားလှပါတယ်။ အနုပညာအောင်မြင်မှုအရရော သူပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားတွေရဲ့ ဂုဏ်သိက္ခာအရပါ ရောဘတ် ဒီ နီရိုးဆိုတဲ့ နာမည်ဟာ တိမ်ကောစရာ ရှိမှာ မဟုတ်ပါဘူး။

အကယ်ဒမီ ၂ ဆု အပြင် ရွှေကမ္ဘာလုံးဆု ၁ ဆု ၊ Cecil B. Demile Award ဆုနဲ့ Screen Actors Guild Life Achievement Award ဆုတွေပါ ချီးမြှင့်ခံထားရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မင်းသားကြီးဟာ Kennedy Center Honor ဆု ချီးမြှင့်ခံခဲ့ရသလို ၂၀၁၆ ခုနှစ်မှာ သမ္မတဘားရက်ခ် အိုဘားမားရဲ့ သမ္မတပေးတဲ့ လွတ်လပ်ရေး ဂုဏ်ထူးဆောင်ဆုပါ ရရှိခဲ့ပါတယ်။

နာမည်ကျော် The Godfather ရုပ်ရှင် ၊ Taxi Driver နဲ့ ဗီယက်နမ်စစ်အကြောင်း ရိုက်ခဲ့တဲ့ The Deer Hunter ၊ Goodfellas ၊ Once Upon a Time In America ၊ Cape Fear ၊ Raging Bull ၊ Casino ၊ Silver Linings Playbook နဲ့ The Irishman တို့က သူ့ရဲ့ အမှတ်အသားတွေအဖြစ် ရုပ်ရှင်ချစ်ပရိသတ်တွေက တဖွဖွ ချီးကျူးပြောဆိုနေကြတုန်းပါပဲ။

အော်စကာဆုကိုတော့ Best Actor အတွက် Raging Bull နဲ့ ရခဲ့ပြီး The Godfather Part II မှာ Best Supporting Actor ဆုတွေနဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အော်စကာ ဆန်ကာတင်စာရင်းမှာ ၈ ကြိမ်အထိ ပါဝင်ခဲ့တာကလည်း မင်းသားကြီး ရဲ့ မှတ်တိုင်တစ်ခုပါပဲ။

(၅) တွမ်ဟန့်ခ် – အော်စကာ ၂ ဆု ရှင်

tom hanks

Photo : People

ဟောလီဝုဒ် ရဲ့ အထင်ကရ ရုပ်ရှင် မင်းသားကြီး တစ်ဦးဖြစ်တဲ့ တွမ်ဟန့်ခ်ကလည်း စွယ်စုံရ အနုပညာရှင်တစ်ဦးပါပဲ။ ၁၉၅၆ ဖွား အသက် ၆၅ နှစ်အရွယ် မင်းသားကြီးဟာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေ ရိုက်ကူးအောင်မြင်ခဲ့သလို အနုပညာမြောက်လှတဲ့ ရုပ်ရှင်ကားကောင်းတွေမှာလည်း ပါရမီကျကျ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ တွမ်ဟန့်ခ်ရဲ့ ကျော်ကြားလှတဲ့ ရုပ်ရှင်တွေအကြောင်းကတော့ စာရင်းထိုးလို့ မလွယ်ပါဘူး။

လူသိများတဲ့ ရုပ်ရှင်ကားတွေအနေနဲ့ Philadelphia ၊ Forrest Gump ၊ Saving Private Ryan ၊ Catch Me If You Can ၊ Apollo 13 ၊ The Green Mile ၊ Cast Away ၊ The Terminal ၊ Bridge Of Spies နဲ့ The Post တို့ ကို ညွှန်းရမယ် ထင်ပါတယ်။ အနုပညာစွမ်းရည် မြ်င့မားလှတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ သူ့ဘဝတစ်လျှောက် အနုပညာကြောင့် မြှောက်စားခံရတဲ့ ဆုတွေလည်း အများကြီးပါတယ်။

မင်းသားကြီးဟာ သမ္မတဘားရက် အိုဘားမားလက်ထက်မှာ Presidential Medal Of Freedom ဆု ချီးမြင့်ခံထားရသလို ပြင်သစ်ရဲ့ ဂုဏ်ထူးဆောင်ဆု Legion Of Honor လည်း ရထားသူ ဖြစ်ပါတယ်။ အော်စကာအနေနဲ့ Best Actor ဆုအဖြစ် Philadelphia (1993) နဲ့ Forrest Gump (1994) တို့မှာ ရခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Reuters