လူသားတိုင်းတော့ မဟုတ်ပေမယ့် လူတော်တော်များများမှာတော့ အချိန်ဆွဲတတ်တဲ့ အကျင့်ရှိပါတယ်။ တခါတရံလောက် အချိန်ဆွဲ မိတာကတော့ ပြဿနာမရှိပေမယ့် အခြေအနေအရမ်းဆိုးလာမယ်ဆိုရင်တော့ ကွီးတို့ဘဝက နောင်တတွေ တပွေ့တပိုက်ကြီးရဲ့ ဇာတ်သိမ်း သွားရပါလိမ့်မယ်။
ဒါ့အပြင် အခုဖော်ပြမယ့် ဆိုးကျိုးများကိုလည်း ကြုံတွေ့ရနိုင်ပါသေးတယ်။
(၁) ကွီးတို့ အနာဂတ်များ ပျောက်ဆုံးသွားနိုင်တယ်
အချိန်ဖြုန်းတဲ့ သူတစ်ယောက်အဖို့ လှပတဲ့ အနာဂတ်ဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး။ ကျောင်းသားတစ်ယောက်အဖို့ စာကျက်ရမယ့်အချိန်မှာ စာမလုပ်ဘဲ အချိန်ဆွဲကာ အချိန်ဖြုန်းနေမယ်ဆိုရင် စာမေးပွဲ ရလာဒ်မကောင်းတာ (သို့) စာမေးပွဲကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ထိုနည်းတူစွာပဲ မိမိလိုချင်တဲ့ လှပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့ရန်အတွက် အချိန်ရှိခိုက် လုံ့လ မစိုက်ဘဲ ဝေလေလေ လုပ်နေမယ်ဆိုရင် တန်ဖိုးရှိတဲ့ အနာဂတ်သည်လည်း တဖြည်းဖြည်း ပျောက်ဆုံးသွားမှာပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ အနာဂတ်ကို ဒီအတိုင်းပဲ အဆုံးရှုံးခံလိုက်တော့မှာလား။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် မကြိုးစားချင်ဘူးလား။
(၂) အရေးကြီးသည့် အရာများကို အချိန်မှီ မပြီးမြောက်နိုင်တော့ပါ
ဘဝမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာကို သိထားသင့်ပါတယ်။ အရေးကြီးတဲ့အရာကို ဦးစားပေးဖို့ လိုအပ်ပါတယ်။ ဥပမာဆိုရသော် အထက်လူကြီးက ကိုယ့်ကို ဘယ်နှရက်အတွင်းမှာ ဒီပရောဂျက်တစ်ခုကို ပြီးအောင် လုပ်ဆောင်ရမယ်ဆိုပြီး ခိုင်းလာတဲ့အခါ ကိုယ့်အနေနဲ့ သတ်မှတ်ရက်အတွင်း အချိန်မှီ ပြီးစီးဖို့ လိုအပ်ပါတယ်။ အလုပ်လုပ်ရမယ့်အချိန်မှာ လုပ်ချင်စိတ် မရှိသေးလို့ဆိုပြီး အချိန်ဆွဲနေမယ်၊ ရုပ်ရှင်ကြည့်လိုက်၊ ဘားသွားလိုက်၊ ကလပ်တက်လိုက်နဲ့ အချိန်ဖြုန်းနေမယ်ဆိုရင်တော့ ပြီးမြောက်ရမယ့်အချိန်မှာ အလုပ်တွေ မပြီးဘဲဖြစ်နေမှာပါ။ ဒါဆိုရင်တော့ အထက်လူကြီးက ကိုယ့်ကို အမြင်မကြည်ဖြစ်လာမှာဖြစ်ပြီး နောက်ထပ်အလုပ်တွေကိုလည်း ယုံကြည်စွာ ပုံအပ်ပြီး လုပ်ဆောင်ခိုင်းမှာမဟုတ်တော့ပါဘူး။ ဒါဆိုရင် ကွီးတို့ရဲ့ တက်လမ်းအတွက်၊ ရာထူးတိုးမယ့် ကိစ္စများ၊ လစာတိုးမယ့် ကိစ္စများလည်း ရှိလာနိုင်တော့မှာမဟုတ်ပါဘူး။
(၃) အခွင့်အရေးကောင်းတွေကို လက်လွှတ်ဆုံးရှုံးသွားပါလိမ့်မယ်
ကိုယ်က ပြီးမြောက်အောင် မလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို အခြားတစ်ယောက်က ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုရင် အခွင့်အရေးကောင်းတွေသည် ထိုသူ့ဆီပဲ ရောက်ရှိသွားမှာဖြစ်ပြီး ကွီးတို့ကတော့ အခွင့်အရေးကောင်းတွေနဲ့ အပြီးတိုင် နှုတ်ဆက်သွားရပါလိမ့်မယ်။ အခွင့်အရေးကောင်းတွေသည် အောင်မြင်မှုတွေအတွက် လှေကားထစ်တွေပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခွင့်အရေးကောင်းတွေကို မကြာခဏဆိုသလို လက်လွှတ်ဆုံးရှုံးခံနေရမယ်ဆိုရင်တော့ ဘဝမှာ အောင်မြင်မှာ မဟုတ်တော့ပါဘူး။
အခုဖော်ပြသွားတဲ့ ဆိုးကျိုးများကို ကွီးတို့ ခံစားချင်ပါသလား ဘာလုပ်မှာလဲ ပြော…
ကြိုးစားတဲ့သူတွေကတော့ အောင်မြင်ကြမှာဖြစ်ပြီး၊ ပျင်းရိပျင်းတွဲနဲ့ ဘဝကို ပေါ့ပေါ့တန်တန်ဖြတ်သန်းနေကြသူများကတော့ အသက်ကြီးလာတဲ့အခါ နောင်တရစရာတွေသာ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အသက်ရလာပြီး အလုပ်မလုပ်နိုင်တဲ့အချိန်ကျတော့မှာ ဟိုလူ့ဆီက ချေးငှား၊ ဒီလူ့ဆီက ချေးငှား၊ ဟိုလူ့မျက်နှာကြည့်ပြီး အသက်ရှင်ရ၊ ဒီလူ့မျက်နှာကြည့်ပြီး အသက်ရှင်ရနဲ့ မျက်နှာငယ်နေရတဲ့အဖြစ်မျိုးကို ကြုံတွေ့ခံစားချင်လို့လား။
ကွီးတို့ရဲ့ ကိုယ်ပိုင်ဘဝဖြစ်တဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်ကတော့ ကွီးတို့ကိုယ်တိုင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ်သူကမှ ကွီးတို့ရဲ့ ဘဝကို ကွီးတို့ကိုယ်စား ဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။
အများနဲ့ ယှဥ်ပြိုင်နေတဲ့ ခေတ်ကြီးထဲမှာ ကွီးတို့သည် အချိန်ဆွဲ နေမယ်ဆိုရင် ဘယ်လိုမျိုး ဘဝ ဇာတ်သိမ်း သွားမလဲဆိုတာကိုတော့ ကွီးတို့ သိပြီးသားပဲမဟုတ်လား။
Source: Forbes
Featured Image: Freepik