တစ်ဘဝလုံး လုပ်စရာတွေ ကုန်းရုန်းလုပ်ပြီးသွားရင် ဘယ်ကိုသွား အနားယူမယ်လို့ စိတ်ကူးယဉ်ဖူးပါသလား။ တချို့လူတွေအတွက်တော့ နေသာတဲ့ ကမ်းခြေမှာ ကော့တ်တေးသောက်ရင်းနဲ့ ကိုယ့်တစ်ဘဝလုံးစာ လှုပ်ရှားရုန်းကန်ခဲ့တာတွေကို တမြုံ့မြုံ့ ပြန်စဉ်းစားရင်း ဖြတ်သန်းချင်ကြပါလိမ့်မယ်။ တချို့တွေကတော့ ဘဝရဲ့ ဆန်းသစ်စရာ အတွေ့အကြုံဆန်းတွေ ထပ်ပြီး ရှာဖွေဖို့ စွန့်စားချင်စရာ နေရာသစ်တွေဆီ ခြေလှမ်း ပြင်ချင်ကြပါလိမ့်မယ်။ ဘာပဲ ပြောပြော တောက်လျှောက်ပြေးလွှားနေရတဲ့ ဘဝမာရသွန်မှာ အရိပ်လို ခိုစရာတစ်ခုတော့ လိုတာ အမှန်ပါပဲ။ ပိုက်ဆံလည်း အတော်အတင့် ရှိမယ် ၊ ကိုယ်နေချင်တဲ့ နေရာကို ကိုယ်ရွေးချယ်နိုင်လောက်အောင် ကံကောင်းတယ်ဆိုရင်တော့ အခုပြောမယ့် နိုင်ငံ တွေက စရိတ်စက သက်သက်သာသာနဲ့ အငြိမ်းစား ယူဖို့ အကောင်းဆုံး ဖြစ်မှာပါ။

(၅) Colombia

colombia

Photo : cntraveler

တစ်ခါက ကိုလံဘီယာဆိုတာ ဆူပူအကြမ်းဖက်မှုတွေ ၊ ပဋိပက္ခနဲ့ နိုင်ငံရေးပွတ်တိုက်မှုတွေ သောသောညံခဲ့တဲ့ နိုင်ငံ ဖြစ်သလို အနောက်နိုင်ငံမီဒီယာ စာမျက်နှာတွေ နဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း နိုင်ငံတကာ မူးယစ်ဆေးမှောင်ခိုမှုတွေ ၊ ဂိုဏ်းဖွဲ့ တိုက်ခိုက်မှုတွေကြောင့် နာမည်ကျော်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီနိုင်ငံဟာ လုံခြုံမှု မြင့်မားလာပြီး လူနေမှုအဆင့်အတန်း တက်လာသလို အငြိမ်းစား ပင်စင်သမားတို့ အနားယူဖို့ ကုန်ကျစရိတ်သက်သာတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ကိုလံဘီယာဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဇီဝမျိုးကွဲ ပေါကြွယ်မှု အများဆုံး နိုင်ငံဖြစ်ပါတယ်။ အံ့ဖွယ် တောင်စဉ်တောင်တန်းကြီးတွေ ၊ အပူပိုင်း မိုးသစ်တောတွေ ၊ သာယာလှပတဲ့ သဲသောင်ကမ်းခြေတွေနဲ့ ကမ်းရိုးတန်းတွေ ရှိတာကြောင့် သာယာလှပပြီး နေချင့်စဖွယ် ကောင်းတယ်လို့ ကျော်ကြားပါတယ်။ စီးပွားရေးအပြင် နိုင်ငံသားတွေရဲ့ လူမှုဘဝ အခြေခံ လိုအပ်ချက်တွေကိုလည်း ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးထားပြီး ထိရောက်မြန်ဆန်တဲ့ အများသုံး သယ်ယူပို့ဆောင်ရေးစနစ် ၊ သက်သာကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူနေထိုင်မှုစနစ်တွေလည်း ဖော်ဆောင်ပေးထားပါတယ်။

နှစ်ပေါင်း ၃၀၀၀ ကျော် ကြာမြင့်ပြီ ဖြစ်တဲ့ နိုင်ငံ့သမိုင်းဟာ ရင်သပ်ရှုမောဖွယ် ယဉ်ကျေးမှု ၊ ဒဏ္ဍာရီ နဲ့ သမိုင်းဝင်အနုပညာ အမှတ်အသား အဆောက်အဦတွေလည်း အများကြီးပါပဲ။

(၄) Portugal

Portugal

Photo : cntraveller

ပေါ်တူဂီနိုင်ငံဟာ စပိန်နိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်ပြီး တိုးတက်ငြိမ်းချမ်းတဲ့ ဥရောပ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စပိန်လိုပဲ သဘာဝကမ်းခြေတွေနဲ့ သာယာပြီး အေးချမ်းတဲ့ ရာသီဥတု ၊ လတ်ဆတ်တဲ့ ပင်လယ်စာ ၊ မျှတတဲ့ စရိတ်စကတွေကြောင့် လူတစ်ယောက်ရဲ့  အငြိမ်းစား ဘဝကို အကောင်းဆုံး ဖြတ်သန်းဖို့ နိုင်ငံ လို့ ပြောချင်ပါတယ်။ International Living အယ်ဒီတာတွေက ပေါ်တူဂီကို ၂၀၂၀ ပြည့်နှစ်ရဲ့နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် မဲပေးခဲ့ပါတယ်။

လူမှုဘဝ အဆင့်အတန်း မြင့်မားခြင်း ၊ အနားယူဖို့အကောင်းဆုံး နေဆာလှုံစရာ ကမ်းခြေနဲ့ အကောင်းဆုံး ဝိုင်တွေ ထွက်တဲ့ နိုင်ငံ ဖြစ်သလို စားသောက်ဆိုင် ၊ တည်းခိုစရိတ် ၊ ခေတ်သစ်လူမှုဘဝတွေအတွက်လည်း စရိတ်စက နည်းပါးလို့ ပေါ်တူဂီမှာ နေထိုင်ဖို့ လူတွေ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ သမိုင်းဝင် မြို့ဟောင်းတွေ ၊ ရာဇဝင်နဲ့ ပထဝီဝင်အရ လှပခမ်းနားတဲ့ နိုင်ငံ ဖြစ်သလို ခရစ္စတီယာနို ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ပေါ်ထွက်ပါတယ်။

(၃) Mexico

Mexico

Photo : fodors

မက္ကဆီကိုဆိုတာ အမေရိကန်ကို ခိုးဝင်ဖို့ အမြဲကြိုစားနေတဲ့ နိုင်ငံအဖြစ် ရုပ်ရှင်တွေထဲမှာ တွေ့ရမှာပါ။ တကယ့်လက်တွေ့မှာတော့ အမေရိကန်အငြိမ်းစားတွေက ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ မက္ကဆီကိုမှာ အနားယူဖို့ အငြိမ်းစားဗီဇာ လျှောက်နေကြပါတယ်။ မက္ကဆီကန်ယဉ်ကျေးမှုဟာ အမေရိကန်ယဉ်ကျေးမှုနဲ့ ကူးစက်ယှက်နွှယ်နေပါတယ်။ မက္ကဆီကိုဟာ အမေရိကန်ထက်စာရင် အများကြီး စရိတ်စကသက်သာပါတယ်။

လူမှုဖူလုံရေးရသလို စရိတ်နည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ၊ နေစရိတ်သက်သာစေဖို့ ဝင်ငွေနည်း အခွန်နှုန်းထားသတ်မှတ်မှုတွေထောက်ပံ့ပေးထားပါတယ်။ မက္ကဆီကိုဟာ ယဉ်ကျေးမှု ၊ ဂီတနဲ့ အရက်ဘားတွေ စိတ်ဝင်စားသူတို့ကို ကြိုဆိုနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

(၂) Costa Rica

Costa Rica

Photo : shutterstock

မက္ကဆီကိုနိုင်ငံရဲ့ တောင်ဘက်ကို ဦးတည်လိုက်ရင် ခရစ္စတယ်လို ကြည်လင်တဲ့ ပင်လယ်ရေ ပတ်လည်ဝိုင်းနေတဲ့ ကော်စတာ ရီကာနိုင်ငံကို တွေ့ရမှာပါ။ ဒီနိုင်ငံဟာ တောင်အမေရိကရဲ့ ဆွစ်ဇာလန် (The Switzerland Of South America) အဖြစ်လည်း နာမည်ကြီးပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ကောင်းပြီး လူမှုဘဝ ငြိမ်းချမ်းလုံခြုံတဲ့ ဒေသတွင်း ဘေးအကင်းဆုံး နိုင်ငံတွေထဲမှာ ပါပြီး အစားအသောက်ကောင်းခြင်း ၊ ယဉ်ကျေးမှု ပွဲတော် ပေါခြင်း ၊ သဘာဝပတ်ဝန်းကျင် သာတောင့်သာယာရှိခြင်းတွေကြောင့်လည်း အငြိမ်းစား ယူဖို့ စိတ်ဝင်စားစရာ နိုင်ငံ လို့ ဆိုချင်ပါတယ်။

(၁) Panama

Panama

Photo : thebigmarlin

Central America မှာ ရှိတဲ့ ပနားမားကျွန်း နိုင်ငံဟာ နာမည်ကျော် ကာရစ်ဘီယံပင်လယ် ၊ ပစိဖိတ်သမုဒ္ဓရာတို့ရဲ့ နယ်စပ်ဖြစ်ပြီး ကိုလံဘီယာ နဲ့ ကော်စတာရီကာနိုင်ငံတို့ အကြားမှာ ရှိပါတယ်။ ပနားမားလို ကျွန်းနိုင်ငံမှာ အငြိမ်းစားတစ်ယောက်အနေနဲ့ သွားပြီး အနားယူဖို့ ပိုက်ဆံအများကြီး မလိုလှပါဘူး။

သဘာဝအလှအပတွေ ၊ ရာသီဥတု မျှတပြီး နေထိုင်ကောင်းတဲ့ ကမ်းခြေတွေ ၊ များပြားစည်ကားလှတဲ့ အရက်ဘား ၊ ကဖေးဆိုင် နဲ့ စားသောက်ဆိုင်တွေအပြင် အားကစား စိတ်ဝင်စားသူတွေအဖို့ ဂေါ့ဖ်ကွင်းတွေ ၊ တောတွင်းစခန်းထွက်တဲ့ အဖွဲ့တွေ စသည်ဖြင့် အများကြီး ရှိပါတယ်။ ပနားမားစာ International Living ရဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အငြိမ်းစား ယူဖို့ အကောင်းဆုံး ဖြစ်တဲ့ Global Retirement Index မှာ ထိပ်ဆုံးက ရှိတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

Featured Photo : thebigmarlin