ညဘက်မှာ အစားအများကြီးစားတဲ့ အလေ့အထက ကွီးတို့ရဲ့ ကိုယ်အလေးချိန်ကို သိသိသာသာ တိုးစေပြီး အဝလွန်ခြင်းကို ဦးတည်နေပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားဖို့ ညနေ ၆ နာရီနောက်ပိုင်းမှာ အစားလျော့ စားသင့်ပါတယ်။ ဒါပေမယ့် ညဘက်ရောက်ရင် ဗိုက်ဆာတက်တဲ့ အကျင့်ရှိတယ် ၊ ဝိတ်လည်းမတက်ချင်ဘူး ဆိုသူတွေအတွက် ဝမှာစိုးရိမ်စရာမလိုပဲ စိတ်ချလက်ချ စားလို့ရတဲ့ အဆာပြေ အစားအစာတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ညခင်းပိုင်းမှာ ဗိုက်ဆာတက်သူတွေအတွက် ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အဆာပြေ အစားအစာ တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ငှက်ပျောသီး

Photo : Medical News Today
အလတ်အစား ငှက်ပျောသီး တစ်လုံးမှာ ကယ်လိုရီ ၁၀၅ ခန့်သာ ပါဝင်ပါတယ်။ အမျှင်ဓာတ် ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ညခင်းပိုင်းမှာ ဆာလောင်မွတ်သိပ်ကို ပြေလျော့စေမယ့် ကျန်းမာရေးနဲ့ အညီအညွတ်ဆုံး အဆာပြေ အစားအစာ တစ်ခုဖြစ်ပါတယ်။ နောက်ပြီး ငှက်ပျောသီးဟာ မက်လတိုနင် ထုတ်လုပ်မှုကို တိုးစေတာကြောင့် ညဘက်မှာ ကောင်းစွာ အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။
(၂) ဒိန်ချဥ်
Photo : Medical News Today
ဒိန်ချဥ်ဟာ ကယ်လစီယမ်နဲ့ ပရိုတင်းဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဒိန်ချဥ်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဗိုက်ပြည့်စေပြီး ဆာလောင်မှုကို လျော့ချပေးနိုင်သလို ကယ်လစီယမ်ဓာတ်ကလည်း အရိုးအဆစ်တွေကို သန်မာစေရုံမက နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ကိုလည်း ကူညီပေးပါတယ်။ ဒိန်ချဥ်ကို အချိုဓာတ်ပါဝင်မှုနည်းတဲ့ ဘယ်ရီသီးလို အသီးအနှံတွေနဲ့ တွဲစားနိုင်ပါတယ်။
(၃) ကြက်ဥ

Photo : Medical News Today
ကြက်ဥတစ်လုံးမှာ ပရိုတင်းဓာတ် ၆.၂၈ ဂရမ် ပါဝင်တာကြောင့် အလွယ်တကူပဲ ဗိုက်ပြည့်စေပြီး အစားအများကြီး စားချင်တဲ့စိတ်ကို လျော့ချပေးမှာ ဖြစ်ပါတယ်။ ညဘက်မှာ ဗိုက်ဆာတက်သူတွေအနေနဲ့တော့ ကြက်ဥပြုတ် တစ်လုံးသာစားပေးလိုက်ပါ။ ဝိတ်တက်မှာ စိတ်ပူစရာမလိုပဲ အဆာပြေ စေမှာ ဖြစ်ပါတယ်။
(၄) Nuts

Photo : Medical News Today
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နောက်ထပ် အဆာပြေ အစားအစာ တွေကတော့ Nuts လို့ခေါ်တဲ့ အစေ့အဆန် တွေပါပဲ။ အစေ့အဆန်တွေမှာ ကိုလက်စထရောပါဝင်မှုနည်းတာကြောင့် တစ်ရက်ကို ၁.၅ အောင်စ စားပေးရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ညဘက်မှာ ဗိုက်ဆာတက်သူတွေအနေနဲ့တော့ ဆားပါဝင်မှုမရှိတဲ့ သဘာဝ အစေ့အဆန် အနည်းငယ်ကို အဆာပြေစားနိုင်ပါတယ်။
Featured Photo : Healthline

