လူတိုင်းလူတိုင်း ဘဝမှာ မကြုံချင်ပဲ ကြုံခဲ့ရတဲ့ အတိတ်ရဲ့ အရိပ်ဆိုး တွေ ရှိကြပါတယ်။ Past Trauma တွေဆိုတာဟာ မေ့မေ့ပျောက်ပျောက်ထားလို့ ရပေမယ့် တကယ်တမ်းမှာတော့ အတိတ်ရဲ့ အရိပ်ဆိုးတွေကနေ လုံးဝကွင်းလုံးကျွတ် လွှတ်မြောက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဒဏ်ရာတွေကနေ သက်သာသွားနိုင်ပေမယ့် တိုက်ဆိုင်လို့ ပြန်တွေးတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ အမာရွတ်တစ်ခုကတော့ ကျန်နေစမြဲပါ။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေကို အလင်းဆောင်ပေးမယ့် နေရောင်ခြည်လို ချစ်သူပါတနာ တစ်ယောက်တော့ ရနိုင်သေးတယ် ဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အပေါ် နားလည်နိုင်ဆုံးချစ်သူ ၊ ကိုယ့်ရဲ့ Past Trauma တွေကို အကောင်းဆုံး စာနာပေးပြီး ဒဏ်ရာတွေကနေ ကုစားပေးနိုင်မယ့် ချစ်သူမျိုး လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဒီလို ကိုယ့်အပေါ် နားလည်စာနာပေးနိုင်တဲ့ ချစ်သူကို ကိုယ့်ဘဝရဲ့ အတိတ်မှာ ကြုံခဲ့ရဖူးတဲ့ အဆိုးဆုံး Past Trauma တွေအကြောင်း ဘယ်လိုရင်ဖွင့် ပြောပြရမလဲဆိုတာ လမ်းညွှန်ပေးချင်ပါတယ်။
(၁) သူနဲ့ကိုယ်ကြား လုံလောက်တဲ့ ရင်းနှီးမှုတစ်ခု တည်ဆောက်နိုင်ပြီလား သုံးသပ်ပါ
Photo : The Marriage Restoration Project
ခင်မင်ရပါတယ်ဆိုတဲ့ သူငယ်ချင်းတွေကိုတောင် ကိုယ့်ဘဝရဲ့ Past Trauma တွေအကြောင်း ပြောပြဖို့ စဉ်းစားရပါတယ်။ ဘာလို့ဆို လူတိုင်းက ကိုယ့်လို မဟုတ်လို့ပါပဲ။ တကယ်ရင်ဘတ်နဲ့ ခံစားနားလည်ပေးနိုင်သူ ၊ ကိုယ့်အပေါ်တစ်ချိန်မှာ အနိုင်ယူစရာ လက်နက်တစ်ခုအနေနဲ့ ကိုယ့်အတိတ်ကို ချနင်းမယ့်သူ မဟုတ်ရင်တော့ သင်ပြောပြမိရင် သင့်အတွက် ဆိုးကျိုးတွေ ဖြစ်လာရုံကလွဲပြီး ကျန်တာမရှိနိုင်ပါဘူး။ ဒါကြောင့် သင့်ပါတနာဟာ သင့်အပေါ် တကယ်နားလည်မှုပေးနိုင်မယ့်သူလား ၊ သင်နဲ့သူ့ ကြားမှာ လုံလောက်တဲ့ ရင်းနှီးမှုတစ်ခု တည်ဆောက်နိုင်ပြီလားဆိုတာကို ပထမဦးဆုံး သုံးသပ်ဖို့ လိုပါလိမ့်မယ်။
(၂) ပြောမယ့်အရာအားလုံးကို သေချာစဉ်းစားပြီးမှ ပြောပြပါ
Photo : The Guest House Ocala
သင့်လက်ရှိ ပါတနာကို Past Trauma တွေအကြောင်း ပြောပြတော့မယ်ဆိုရင် အရင်ဆုံး ပြောပြမယ့် အကြောင်းအရာ ၊ စကားလုံးအသုံးအနှုန်းတွေကို စဉ်းစားဆင်ခြင်ဖို့ လိုပါလိမ့်မယ်။ သင့်ဘဝရဲ့ အတိတ်က အရိပ်ဆိုး တွေ ၊ ဒဏ်ရာအနာတရတွေကို ပြောပြတယ်ဆိုပေမယ့် လက်ရှိ သင့်အပေါ် ခံစားချက်ရှိ ချစ်မြတ်နိုးနေတဲ့ ပါတနာကို စိတ်ဒဏ်ရာရ နာကျင်သွားစေမယ့် စကားမျိုး မဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အတိတ်ကို ပြောပြရင်ဖွင့်တဲ့အခါမှာ သင့်လက်ရှိပါတနာကို နာကျင်သွားစေမယ့် စကားလုံးတွေ ၊ အဖြစ်အပျက်တွေကိုတော့ ရှောင်ကြဉ်ဖို့ အကြံပေးပါရစေ။
(၃) Past Trauma တွေအကြောင်း မကြာခဏပြောဆိုတာမျိုး ရှောင်ပါ
Photo : Labiotech.eu
တိုက်ဆိုင်မှု ရှိလာတိုင်းမှာ ကိုယ့်ရဲ့ Past Trauma တွေအကြောင်း Highlight လုပ်ပြီး လက်ရှိပါတနာအသစ်ကို မကြာခဏပြောပြနေတဲ့ လုပ်ရပ်မျိုးကိုလည်း အထူးရှောင်ကြဉ် သင့်ပါတယ်။ အတိတ်က အရိပ်ဆိုး တွေနဲ့ ပတ်သတ်ပြီး တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေ ရှိလာတိုင်းမှာ အနာဟောင်းကို ပြန်ဆွပေးသလို ထပ်ဖန်တလဲလဲ နာကျင်ခံစားရတယ် ဆိုပေမယ့်လည်း လက်ရှိပါတနာကို ဒီအကြောင်း ခဏခဏသွားပြောပြနေတာမျိုး မလုပ်သင့်ပါဘူး။ အတိတ်ကနေ သင်ကိုယ်တိုင် ရုန်းထွက်နိုင်ဖို့ ကြိုးစားသင့်သလို လက်ရှိချစ်သူနဲ့ ပစ္စုပ္ပန်ကို အကောင်းဆုံး နေထိုင်ဖြတ်သန်းဖို့ကလည်း အရေးကြီးပါတယ်။
Source : Lifehacker
Featured Photo : YourTango