လူမှာလည်း တစ်ကိုယ်ရည် သန့်ရှင်းရေးသည် အင်မတန်မှ အရေးကြီးသလို ကွီးတို့ ညီလေးကလည်း တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိဖို့ လိုအပ်ပါတယ်။ ကွီးတို့ ညီလေးကို ဂရုမစိုက်၊ သန့်ရှင်းရေး မလုပ်ဘဲ ပစ်ထားမယ်ဆိုရင်တော့ ကွီးတို့ ညီလေးက အနံ့ တလူလူ လွှင့်နေမှာဖြစ်ပြီး ထိုင်ငို ချင်စိတ် ပေါက်နေပါလိမ့်မယ်။ တကယ်လို့ ကွီးတို့ ညီလေးသာ စကားပြောတတ်မယ်ဆိုရင် သူ့ကို အဲ့ဒီလို ပစ်ထားမယ့်အစား ကိစ္စ တုံးပစ်လိုက်ပါလို့ပဲ ပြောတောင် ပြောနိုင်ပါတယ်။
ကွီးတို့ ညီလေးကို အနံ့ တထောင်းထောင်း မဖြစ်ဖို့အရေး၊ သူ ထိုင်ငို မယ့် အရေးကို တားဆီးချင်တယ်ဆိုရင်တော့ အခုဖော်ပြတဲ့ နည်းလမ်းများနဲ့ ကိုယ့်ရဲ့ ညီလေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်လိုက်ပါ။
(၁) နေ့တိုင်း သန့်စင် ဆေးကြောပေးပါ
ကွီးတို့ ညီလေး အရေပြားသည်လည်း လူ့ခန္ဓာကိုယ်မှာရှိတဲ့ အခြားသော အရေပြားတွေနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် သူ့ကိုလည်း နေ့တိုင်း သန့်ရှင်းရေး ပြုလုပ်ဖို့လိုအပ်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်တဲ့အခါမှာလည်း ရိုးရိုးရေနဲ့ ဆပ်ပြာ အပျော့စားလေးနဲ့ ဆေးကြော ပေးရင်ပဲ လုံလောက်ပါတယ်။ သန့်ချင်ဇော ကြီးလွန်းပြီး Scrub တိုက်တာမျိုးတော့ မပြုလုပ်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ထိုနေရာက အရေပြားသည် တစ်စက်ကလေးမှ အထိခိုက် အပွန်းအပဲ့ မခံတဲ့ နေရာတစ်ခု ဖြစ်လို့ပါပဲ။
(၂) ညင်ညင် သာသာနဲ့ ခြောက်အောင် သုတ်ပေးပါ
ကဲ… အားလုံး သန့်စင် ဆေးကြော ပေးရတဲ့အခါ ခြောက်အောင် သုတ်ခြင်း အနုပညာလည်း လိုအပ်လာပါပြီ။ မြန်မြန်ခြောက်ဟာ ဆိုပြီးတော့ သဘက်နဲ့ အကြမ်းပတမ်း ပွတ်တိုက်ခြင်းမှ ရှောင်ကြဥ်ရပါမယ်။ အကြမ်းပတမ်း ပွတ်တိုက်ခြင်းကြောင့် ကွီးတို့ ညီလေးက ဒဏ်ဖြစ်သွားနိုင်ပြီး အန္တရာယ် ဖြစ်နိုင်ပါတယ်။ အမှန်ကန်ဆုံး ခြောက်အောင် သုတ်ခြင်းကတော့ သဘက်နဲ့ ခပ်ဖွဖွကလေး ဖိပေးလိုက်၊ မြှောက်လိုက်၊ ဖိလိုက်ဖြင့် တစ်ချက်ခြင်းစီ သုတ်ပေးရမှာပဲဖြစ်ပါတယ်။
(၃) ကွီးတို့ရဲ့ အတွင်းခံ ဘောင်းဘီတွေကိုလည်း သေချာ လျှော်ဖွပ်ပါ
ကွီးတို့ရဲ့ အတွင်းခံ ဘောင်းဘီတွေကလည်း ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အတွင်းခံတစ်ထည်တည်းကို မလျှော် မဖွပ်ဘဲ ထပ်ခါတလဲလဲ ဝတ်ဆင်ခြင်းက ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးအတွက်ရော အနံ့အသက် အတွက်ပါ မကောင်းပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ အတွင်းခံကို ပုံမှန် လျှော်ဖွပ်ပါ။ ပြီးမှ သေချာ အခြောက်ခံပြီးမှ ပြန်လည် ဝတ်ဆင်ပါ။ အတွင်းခံ မခြောက်သေးဘဲနဲ့ ဝတ်ဆင်ခြင်းကိုလည်း ရှောင်ကြဥ်ဖို့ လိုအပ်သလို ကွီးတို့ ညီလေးကို သေချာ အခြောက်မခံဘဲနဲ့ စိုနေတဲ့အချိန်မှာ အတွင်းခံ ချက်ချင်း ဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။
(၄) ညီလေးကို လက်နဲ့ မကိုင်ခင်မှာ လက်သေချာ ဆေးပါ
ကွီးတို့က အကြောင်းကြောင်းကြောင့် ကိုယ့်ညီလေးကို ကိုင်လာဖို့ အကြောင်းဖန်လာတဲ့အခါ၊ ဥပမာ အပေါ့သွားဖို့ ညီလေးကို ကိုင်မယ့်အချိန်ပဲဖြစ်ဖြစ်၊ လက်သိုင်း ကျင့်မယ့်အချိန်ပဲဖြစ်ဖြစ်၊ ညီလေးကို မကိုင်ခင်မှာ လက် သေချာ ဆေးထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့က ငရုတ်သီး၊ ဓာတုပစ္စည်း တစ်မျိုးမျိုးနဲ့ အခြားသော အရာတစ်ခုခုကို ကိုင်ပြီးတဲ့နောက်မှာ လက်ဆေးဖို့ မေ့သွားပြီး ကိုယ့်ညီလေးကို ကိုင်မိမယ်ဆိုရင်တော့ ညီလေးအတွက် အန္တရာယ် များပါတယ်။
ဒီအချက်တွေကို သိထားပြီဆိုတော့ ကိုယ့်ညီလေးကို ဘယ်လိုမျိုး ဂရုစိုက်ကာ တယုတယ ကိုင်တွယ်ရမလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Source: Healthdirect
Featured Image: Healthnews