Six-Pack ကြွက်သား ထွက်ဖို့အတွက်ဆို ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျှော့ချဖို့နဲ့ ဝမ်းဗိုက်ကြွက်သားတွေကို အားကောင်းစေမယ့် လေ့ကျင့်ခန်းအစီအစဉ်တွေကို ပေါင်းစပ်ပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အချိန်တိုအတွင်းမှာ အမိုက်စား ဗိုက်ကြွက်သား တွေ ထွက်စေမယ့် မှော်ဆန်တဲ့ အစားအစာရယ်လို့ မရှိပေမယ့် ကျန်းမာမျှတတဲ့ အစားအသောက်နဲ့ ပုံမှန်လေ့ကျင့်ခန်းတွေကို ပေါင်းစပ်လုပ်ဆောင်မယ်ဆိုရင်တော့ အချိန်ကာလတစ်ခုအတွင်းမှာ ကွီးတို့ရဲ့ ခန္ဓာကိုယ်က အဆီတွေကို လျှော့ချပေးပြီး ကျစ်လစ်သန်မာတဲ့ ဗိုက်ကြွက်သားတွေ ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခပ်မိုက်မိုက် Abs ကြွက်သားတွေ ရရှိဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) Lean Protein (ကြက်သား ၊ အမဲသား ၊ တို့ဟူး ၊ ငါး)

Lean Protein

Photo : Women’s Health

ပရိုတင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ချေဖျက်ပေးပြီး ကြွက်သားတည်ဆောက်ရာမှာ အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်နဲ့ လေ့ကျင့်ခန်းလုပ်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ ပရိုတင်းဓာတ် ပြည့်ပြည့်ဝဝ စားသုံးမယ်ဆိုရင် ကြွက်သားကြီးထွားမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ပရိုတင်းဓာတ်ကို ကြက်သား ၊ အမဲသား ၊ ကြက်ဆင်သား ၊ တို့ဟူး သို့မဟုတ် ပင်လယ်ငါး တို့လို အစားအစာတွေကနေ ရနိုင်ပါတယ်။

(၂) အစိမ်းရောင် အရွက်များ

Leafy vegetables
Photo : Housing

ကယ်လိုရီနည်းပြီး အာဟာရတန်ဖိုး မြင့်မားတဲ့ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တို့လို အစိမ်းရောင်အရွက်တွေဟာ အစာချေဖျက်မှုနှုန်းကို ကောင်းမွန်စေပြီး အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် ဆာလောင်မှုကို လျှော့ချပေးကာ ခန္ဓာကိုယ်ရဲ့ အဆီရာခိုင်နှုန်း ဆုံးရှုံးမှုအတွက် အထောက်အပံ့ ဖြစ်စေပါတယ်။

(၃) အစေ့အဆန်များ

Whole Grains

Photo : EatingWell

အမိုက်စား ဗိုက်ကြွက်သား တွေ ထွက်ချင်ရင်တော့ Whole Grains တွေ စားပေးပါ။ ဆန်လုံးညိုနဲ့ Oats တို့လို Whole Grains တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် ပမာဏကို ထောက်ပံ့ပေးပြီး အမျှင်ဓာတ်လည်း ပေါပေါများများ ပါဝင်တာကြောင့် ဆာလောင်မှုနဲ့ အစားစားချင်စိတ်ကို လျော့နည်းစေပါတယ်။ အမျှင်ဓာတ်ဟာ အဆီဆုံးရှုံးမှုနဲ့ ကြွက်သားတည်ဆောက်မှုကို ပံ့ပိုးပေးပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပါတယ်။

(၄) ထောပတ်သီး

avocados
Photo : CNN

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဆီဆုံးရှုံးမှုကို မြှင့်တင်ပေးပြီး အစာစားပြီးတိုင်း စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေဖို့ ပံ့ပိုးပေးပါတယ်။ ထောပတ်သီးကို သူ့အတိုင်း စားလို့ရသလို ကြက်ဥ ၊ ပေါင်မုန့်တို့နဲ့လည်း တွဲဖက်စားသုံးလို့ ရပါတယ်။

Source : Body&Fit

Featured Photo : MuscleBlaze Blog