လူကြီးလူကောင်းဆန်တဲ့ အမျိုးသား တစ်ယောက်ရဲ့ အသွင်အပြင်ကို ပုံဖော်ပေးနိုင်မယ့် အကောင်းဆုံး ဖက်ရှင်ကတော့ Suit တွေပါပဲ။ Suit တွေကို ရာစုနှစ်ပေါင်းများစွာ ကလည်းက ဝတ်ဆင်လာကြပြီး ခေတ်ကာလပြောင်းလဲ တိုးတက်လာတာနဲ့အမျှ Suit တွေကို ပိုမိုခေတ်မီတဲ့ စတိုင် အမျိုးမျိုးနဲ့ ဆန်းသစ်ဝတ်ဆင် လာကြပါတယ်။ Suit ဝတ်တဲ့အခါ ခန္ဓာကိုယ် ကိုယ်တိုင်းနဲ့ ချုပ်ပြီးဝတ်တာ အကောင်းဆုံးဖြစ်ပြီး Ready to Wear Suit တွေ ဝယ်မယ်ဆိုရင်တော့ ကိုယ့်အတွက် ကြည့်ကောင်းစေမယ့် ပုံစံ ၊ လိုက်ဖက်မှု ၊ ချုပ်ရိုးချုပ်သား ၊ သက်တောင့်သက်သာရှိမှု ၊ ခန္ဓာကိုယ် အချိုးအစားနဲ့ အံဝင်ခွင်ကျ ဖြစ်မှုတွေကို ဦးစားပေးရွေးချယ် ဝယ်ယူသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Suit ကောင်းကောင်း တစ်စုံ ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ခန့်ညားပေါ်လွင်ပြီး စမတ်ကျတဲ့ အသွင်ကို အပြည့်အဝပေးစွမ်းနိုင်မယ့် အမျိုးသား တိုင်းအတွက် ရွေးချယ်စရာ အကောင်းဆုံး နာမည်ကြီး Suit Brand ၅ ခု အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Burberry

Photo : The Trend Spotter

Burberry ဖက်ရှင် Brand ကို ၁၈၅၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဗြိတိန် Luxury ဖက်ရှင်အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Burberry ဟာ Outdoor ဖက်ရှင်တွေ ၊ Classic Trenchcoat တွေ နဲ့ ထူးခြားဆန်းသစ်တဲ့ စကော့ချ် အကွက်ဆင် ဖက်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ နောက်ပိုင်းမှာ Suit ဝတ်စုံတွေကိုပါ မိတ်ဆက်လာခဲ့ပြီး ခေတ်ဟောင်းနဲ့ ခေတ်သစ်ကို ပေါင်းစပ်ဖန်တီးထားတဲ့ ဆန်းသစ်တဲ့ Suit တွေနဲ့အတူ ဖက်ရှင်ချစ်သူတွေကြားမှာ လူကြိုက်များ ရေပန်းစားလာတဲ့ Suit Brand တစ်ခု ဖြစ်လာခဲ့ပါတယ်။

(၂) Dolce & Gabbana

Photo : The Trend Spotter

Dolce & Gabbana ဖက်ရှင်အမှတ်တံဆိပ်ဟာ ၁၉၈၀ ခုနှစ် ဝန်းကျင်က အီတလီဒီဇိုင်နာ ၂ နှစ်ဦးကနေ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၇ နှစ်အကြာမှာ Dolce & Gabbana ရဲ့ ပထမဆုံး အမျိုးသားဝတ် Suit တွေကို စတင်မိတ်ဆက်ခဲ့ပြီး စွဲမက်စရာကောင်းတဲ့ ဝတ်စုံတွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ရှုပ်ထွေးပြီး လှပတဲ့ Jacquard ဒီဇိုင်း Suit တွေ ၊ ပိုးထည် ဝတ်စုံတွေနဲ့ ပတ်သတ်လာရင်တော့ Dolce & Gabbana ဖက်ရှင် Brand က လုံးဝပြိုင်စံရှားပါပဲ။

(၃) Gucci

Photo : The Trend Spotter

အမျိုးသားဝတ် Suit ဝတ်စုံတွေနဲ့ ပတ်သတ်ရင် Gucci အမှတ်တံဆိပ်ကိုလည်း မေ့ထားလို့ မရပါဘူး။ ခေတ်မီဆန်းသစ်ပြီး သေသပ်လှပတဲ့ ဒီဇိုင်း ၊ အနုစိတ်ခြယ်သထားတဲ့ လက်ရာတွေနဲ့ Unique ဖြစ်တဲ့ Suit တွေကို Gucci အမှတ်တံဆိပ်ကနေ ဖန်တီးထုတ်လုပ် လျက်ရှိပါတယ်။ Gucci ဟာ ဖက်ရှင်လောကမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ကမ္ဘာ့အရောင်းရဆုံး အီတလီအမှတ်တံဆိပ် ဖြစ်ပြီး သာမန်ထက်ထူးခြားတဲ့ ဒီဇိုင်းတွေ ၊ Classic Colors တွေ ၊ ခန့်ညားထည်ဝါမှုနဲ့အတူ အမိုက်စား Suit ဝတ်စုံတွေကို ထုတ်လုပ်နေတဲ့ နာမည်ကြီး Brand တစ်ခု ဖြစ်ပါတယ်။

(၄) Brioni

Photo : The Trend Spotter

Brioni Brand ကို ၁၉၄၅ ခုနှစ်က ရောမမြို့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူက အမျိုးသားဝတ် ဖက်ရှင်အမှတ်တံဆိပ်တွေထဲမှာတော့ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး Luxury Brand တစ်ခုပါ။ Daniel Craig နဲ့ Pierce Brosnan တို့လို ဂျိမ်းစဘွန်း မင်းသားကြီးတွေ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့ကြတဲ့ ဖက်ရှင် အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ Suit တစ်စုံချင်းစီတိုင်းကို နာရီပေါင်းများစွာ အချိန်ပေးပြီး အသေးစိတ် ဖန်တီးထားတာကြောင့် အမျိုးသား တစ်ယောက်ရဲ့ ဖက်ရှင်အဆင့်အတန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မယ့် Suit Brand တစ်ခု ဖြစ်ပါတယ်။

(၅) Saint Laurent


Photo : The Trend Spotter

ပေါ့ပါးဆန်းသစ်တဲ့ အမိုက်စား Suit ဒီဇိုင်းတွေ ဝတ်ချင်တယ်ဆိုရင်တော့ Saint Laurent အမှတ်တံဆိပ်က ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ ပြင်သစ် Iconic ဖက်ရှင်အမှတ်တံဆိပ် ဖြစ်တဲ့ Saint Laurent ကို ၆၀ ခုနှစ်အနှောင်းပိုင်းမှာ နာမည်ကြီး ပြင်သစ်ဒီဇိုင်နာ Yves Saint Laurent ကနေ စတင် တည်ထောင်ခဲ့ပါတယ်။ Yves Saint Laurent ဟာ သူရဲ့ ဖန်တီးမှု စွမ်းရည် ၊ ကျွမ်းကျင်တက်မြောက်မှုတွေနဲ့ ပေါင်းစပ်ပြီး အလန်းစား အမျိုးသားဝတ် Suit ဝတ်စုံတွေကို ဖန်တီးခဲ့ပါတယ်။ Saint Laurent အမှတ်တံဆိပ် Suit တွေဟာ များသောအားဖြင့် ပေါ့ပါးလွတ်လပ်ပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကို အခြေခံထုတ်လုပ်ထားတာကြောင့် ဖက်ရှင်ချစ်သူ အမျိုးသားတွေကြားမှာတော့ အရမ်းကို ရေပန်းစားပါတယ်။

Featured Photo : Ape To Gentleman