လေ့လာမှုတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၁၀ နှစ်ခန့်စောပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီစစ်တမ်းတွေအရ အမျိုးသားတွေဟာ ငယ်ရွယ်စဉ်မှာပဲ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုများနေတာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေအနေနဲ့ သတိထားသင့်တဲ့ နှလုံးရောဂါရဲ့ ရှေ့ပြေး လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။
အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ နှလုံးရောဂါရဲ့ အစောပိုင်းသတိပေး လက္ခဏာအချို့
Photo : Cardiovascular Institute of the South
လိင်အင်္ဂါ ကမောက်ကမ ဖြစ်ခြင်း – လိင်အင်္ဂါ ကမောက်ကမဖြစ်ခြင်း သို့မဟုတ် ပန်းသေပန်းညိုး အခြေအနေဟာ နှလုံးရောဂါရဲ့ အစောပိုင်း သတိပေးလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကို တွေ့ကြုံခံစားနေရတဲ့ အသက် ၄၀ အရွယ် အမျိုးသားတွေဟာ လာမယ့် ၁၀ နှစ်အတွင်းမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
ကျားဟော်မုန်း ကျဆင်းခြင်း – တက်စတိုစတီရုန်း ကျားဟော်မုန်း ကျဆင်းခြင်းနဲ့ လိင်စိတ်လျော့ကျခြင်းဟာ နှလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာရဲ့ ရှေ့ပြေး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သုတေသနတွေကတော့ ယေဘုယျအားဖြင့် တက်စတိုစတီရုန်း ပမာဏ ကျဆင်းတာဟာ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ၂ မျိုးလုံးနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားကြပါတယ်။
ရင်ဘတ်အောင့်ခြင်း – ရင်ဘတ်အောင့်တာ သို့မဟုတ် ရင်ဘတ် ဧရိယာအနီးတဝိုက် မသက်မသာ ခံစားရခြင်းဟာ အမျိုးသားတွေမှာ အများဆုံး ဖြစ်ပွားတက်တဲ့ နှလုံးရောဂါရဲ့ အစောပိုင်း လက္ခဏာ ဖြစ်ပါတယ်။ တခါတရံမှာ မူးဝေခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့ ဝေဒနာကိုလည်း တွဲလျက်ခံစားရနိုင်ပါတယ်။ အဆိုပါ လက္ခဏာတွေ မကြာခဏ ပြနေတယ် သို့မဟုတ် တဖြည်းဖြည်း ပြင်းထန်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
အမျိုးသားတွေမှာ ဖြစ်တက်တဲ့ နှလုံးရောဂါရဲ့ နောက်ထပ် အစောပိုင်း လက္ခဏာတွေကတော့ ပျို့အန်ခြင်း ၊ အသက်ရှုကြပ်ခြင်း ၊ သွေးခုန်နှုန်းမြန်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဖောရောင်ခြင်းနဲ့ အားနည်းခြင်း စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။
နှလုံးရောဂါ မဖြစ်ပွားအောင် ဘာတွေလုပ်ဆောင်နိုင်လဲ
Photo : Home | Black Heart Association
နှလုံးကျန်းမာရေးကို ကာကွယ်ဖို့ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး။ နှလုံး ကျန်းမာနေဖို့ဆိုရင် စောစီးစွာ ကြိုတင်စစ်ဆေးခြင်းနဲ့ ကျန်းမာတဲ့ စားသောက်လူနေမှုပုံစံကို မြှင့်တင်ခြင်းဟာ ရေရှည်မှာ အကျိုးများစေမယ့် အလေ့အထတွေပဲ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ နှလုံးရောဂါ ၊ ဆီးကျိတ်ကင်ဆာနဲ့ ဆီးချိုရောဂါ ကဲ့သို့ ရောဂါအခြေအနေတွေနဲ့ ပတ်သတ်ပြီး နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကို ခံယူသင့်သလို လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မယ် ၊ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ရောဂါအခြေအနေတွေကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
Source : HonorHealth
Featured Photo : Carda Health