ကွီးတို့ရေ အာရောဂျံ ပရမံ လာဘံ ဆိုတဲ့စကားအတိုင်း ကျန်းမာရေးဟာ ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ငွေကြေးချမ်းသာဖို့ထက် ကျန်းမာရေးကောင်းတာက ပိုတန်ဖိုးရှိပါတယ်။ အနာရောဂါမဖြစ်အောင် ဖြစ်လာရင်လည်း ဘယ်လိုကာကွယ်ကုသရမလဲဆိုတာတွေကို နားလည်ဖို့အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့လို အမျိူးသားတွေအတွက် အသက်အရွယ်ကြီးလာရင် ဖြစ်တတ်တဲ့ ဆီးကျိတ် ရောင်ခြင်း အကြောင်းကို မျှဝေပေးပါရစေ။
အမျိူးသား တွေအတွက် ဆီးကျိတ် ရောင်ခြင်း ဟာ သတိထားရမဲ့ ရောဂါပါ။ ဆီးကျိတ် ဆိုတာ အမျိုးသားများမှာ ရှိပါတယ်။ ဆီးအိမ်ရဲ့အောက် ကပ်လျှက် ဆီးပြွန်အထက်ပိုင်းကို ဝန်းရံပြီး တည်ရှိပါတယ်။ အဓိကအလုပ်က အမျိုးသားများရဲ့ သုတ်ရည်ကို အာဟာရ ဖြစ်စေတဲ့ အရည်ကို ထုတ်ပေးပါတယ်။ ဒီအရည်ကြောင့် မျိုးဗီဇ သုတ်ကောင်တွေဟာ လိုတဲ့နေရာကို ရောက်စေပါတယ်။

Photo : Daily Express
ဆီးကျိတ်တွေဟာ အသက်အရွယ်ကြီးလာရင် ကြီးလာတတ်ပါတယ်။ ဒါကို ဆီးကျိတ် ရောင်တယ်လို့ ပြောကြပါတယ်။ ဆေးဘက်ဆိုင်ရာ သုတေသနတွေအရ အသက် (၄၀) အောက်မှာ ဆီးကျိတ်ကြီးတာ မတွေ့ရပေမဲ့ အသက် (၄၀) ကျော်လာရင် ၁၅ ကနေ ၆၀ ရာနှုန်း ထိ တွေ့ရပါတယ်။ ဆီးကျိတ်ရဲ့ပုံမှန် အရွယ်အစားက (၃ x ၃ x ၅) စင်တီမီတာ၊ ထုထည်အားဖြင့် (၂၅) မီလီလီတာ ရှိပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးလာသလဲဆိုတာ တိတိကျကျ မသိသေးပေမဲ့ အသက်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဟောမုန်းပြောင်းလဲခြင်းကြောင့်လို့ ယုံကြည်ကြပါတယ်။
အမျိုးသား ဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်းပမာဏဟာ အသက်ကြီးလာတာနဲ့အမျှ သွေးထဲမှာ နည်းလာပါတယ်။ ဒါပေမဲ့ အီစတိုဂျင်ဟောမုန်းက ပြောင်းလဲခြင်းမရှိပါဘူး။ ဒီလို ဟော်မုန်းပြောင်းလဲခြင်းဟာ ဆီးကျိတ်ကြီးခြင်းကို ဖြစ်စေတယ်လို့ ယူဆကြပါတယ်။ အခြားအကြောင်းတွေကလည်း ဆီးကျိတ်ကြီးခြင်းကို သက်ရောက်မှု ရှိစေပါတယ်။ အသက်ကြီးလာတာ၊ မိသားစုအတွင်း ဆီးကျိတ်ရောင်ရောဂါ ရှိဘူးတာ၊ အဝလွန်ခြင်း၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်တာ၊ နေ့စဉ်နေထိုင်မှု ပုံစံတွေကလည်း ဆီးကျိတ်ကြီးခြင်းကို လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။ တွေ့ရှိချက်တွေအရ အသားနဲ့ နို့စားသုံးမှုများခြင်းဟာ ဆီးကျိတ်ကြီးခြင်းအန္တရာယ်ကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

Photo : iStock
အမျိူးသား တွေအတွက် ဆီးကျိတ်ရောင်ခြင်း သို့မဟုတ် ဆီးကျိတ် ကြီးလာပြီဆိုရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ
(၁) ဆီးခဏခဏ သွားချင်တာ။ ဒါက ကွီးတို့ကို အလုပ်ချိန်မှာ စိတ်အနှောက်အယှက်အလွန် ဖြစ်စေပါတယ်။ (၂) ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်တတ်ပါတယ်။ (၃) ညအချိန် ဆီးခဏခဏ သွားတတ်ပါတယ်။ အိပ်ရေးပျက်ပြီး လူကို ထိုင်းမှိုင်းလာစေပါတယ်။ (၄) ဆီးသွားတဲ့အခါ အားမရဘူး၊နှေးတယ်။ ဆီးကျိတ်က ဆီးလမ်းကြောင်းကို ဖိတဲ့အတွက် ဆီးသွားတဲ့အခါ အားမပါ နှေးပါတယ်။ (၅) ဆီးအကုန်မသွားနိုင်တာ ဆီးကျန်နေတာ ခံစားရပါတယ်။ (၆) ဆီးအိမ်ထွက်ပေါက် ပိတ်ဆို့တတ်တဲ့အတွက် ဆီး မသွားနိုင်တာ ခံစားရပါဆယ်။ (၇) ဆီးသွားပြီးနောက် တစက်စက်ကျနေခြင်း ဒါက သက်တောင့်သက်သာမရှိဘဲ စိတ်အနှောက်အယှက် အလွန်ဖြစ်စေပါတယ်။ (၈) ဆီးထဲမှာ သွေးပါတတ်ပါတယ်၊ သာမန်မျက်စိနဲ့မြင်ရတဲ့ ပန်းရောင်နီရောင်သန်းနေတဲ့ ဆီးရောင်မျိုးကို တွေ့ ရတတ်ပါတယ်။ (၉) ဆီးအိမ်မှာ ဆီးတွေအများကြီး ကျန်စေပါတယ်။ ဆီးကုန်အောင်မသွားနိုင်တဲ့အတွက် ခဏခဏ ဆီးသွားရတတ်ပါတယ်။ (၁၀) လိင်အင်္ဂါများတွင် အဆင်မပြေခြင်း၊ ဒါဟာ လိင်မှုကိစ္စရပ်တွေမှာ စိတ်မသက်မသာ ဖြစ်စေပါတယ်။

Photo : News 18
အခုပြောပြတဲ့အချက်တိုင်းဟာ ဆီးကျိတ်ကြီးတဲ့ရောဂါ စဖြစ်လာတဲ့အရွယ်တွေမှာ လေ့လာတွေ့ရှိချက်တွေဘဲ ဖြစ်ပါတယ်။ အသက်အရွယ်၊ နေ့စဉ်နေထိုင်မှုပုံစံ၊ မျိုးရိုးလိုက်တာ အပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါဘူး။ အသက် (၆၀) အရွယ် အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံနဲ့ အသက် (၈၀) ကျော်သူတွေရဲ့ ထက်ဝက်ကျော်မှာ ဆီးကျိတ်ကြီးခြင်းလက္ခဏာ တချို့ခံစားနေရတာကို တွေ့နိုင်ပါတယ်။
ဒါကြောင့် အမျိူးသား တွေအတွက် ဆီးကျိတ် ရောင်ခြင်း ကာကွယ်ရန် သို့မဟုတ် ဆီးကျိတ်ကြီးခြင်း တနည်း ဆီးကျိတ်ကျန်းမာနေအောင် နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။ ငွေမကုန် အလုပ်မပျက် နေထိုင်စားသောက်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ဆီးကျိတ်ကြီးခြင်းဟာ အသက်ကြီးမှ ဖြစ်တယ်ဆိုပေမဲ့ ကျန်းမာရေးအရ အန္တရာယ်ရှိတယ်ဆိုတာ သိထားပြီး ငယ်စဉ်ကတည်းက ကြိုတင်ကာကွယ်နိုင်ပါတယ်။
၁။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။ ဒီအစာတွေဟာ အမျှင်ဓါတ် ကြွယ်ဝတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို မြန်စေပါတယ်။ အညစ်အကြေးစွန့်ထုတ်မှုကို မြန်စေတဲ့အတွက် အချို့သော အဆိပ်အတောက်တွေကို ရှင်းထုတ်ပေးပါတယ်။ အချို့ သီးနှံ ဥပမာ ခရမ်းချဉ်သီးမှာ အရောင်ကျစေသော ဓါတ်ပစ္စည်းတွေပါတဲ့အတွက် ဆီးကျိတ် ကြီးခြင်းကို သက်သာစေပါတယ်။ အနီရောင်ရှိသော အသားများ ဥပမာ ဝက်သားအမဲသား တွေကို လျော့စားပါ။ လေ့လာတွေ့ရှိချက်များအရ အနီရောင်အသားများဟာ ငါး စားသုံးမှုထက်စာရင် ဆီးကျိတ်ကြီးထွားမှုကို ပိုအားပေးပါတယ်။

Photo : Health Digest
၂။ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အဝလွန်ခြင်းသာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ အသက် ပြင်းပြင်းရှုခြင်းအပါအဝင် လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ တင်ပဆုံနဲ ဆီးခုံကြွက်သားတွေကို သန်မာစေတဲ့အတွက် ဆီးသွားခြင်းကို ကောင်းမွန်စေပါတယ်။

Photo : The Fanatic
၃။ ရေများများသောက်ပါ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ ရေနွေးကြမ်းများများသောက်ပေးပါ။ တစ်နေ့လျှင် ကော်ဖီ (၄) ခွက်သောက်ခြင်း ဟာ ဆီးကျိတ်ကြီးခြင်းကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။

Photo : Opt Health
၄။ စိတ်ဖိစီးမှု မရှိအောင်နေပါ။ စိတ်ဖိစီးခြင်းဟာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို နှောင့်ယှက်ပြီး အချို့ဓါတ်တိုးပစ္စည်းတွေကို ထွက်စေပါတယ်။

Photo : 24 Seven Talent
၅။ ဆေးလိပ်လုံးဝ မသောက်ပါနဲ့။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းလို ဓာတုပစ္စည်းတွေဟာ ကိုယ်တွင်းဆဲလ်တွေကို ကမောက်ကမဖြစ်စေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

Photo : Stop Smoking Clinic Toronto
၆။ ဗီတာမင် အပါအဝင် အရောင်ကျစေသော ဓါတ်ပစ္စည်း ပါဝင်တဲ့အစားအသောက် တွေကို နေ့စဉ်စားတဲ့ အစားအစာမှာ ပါဝင်အောင်စားပါ။ ဥပမာ စတော်ဘယ်ရီ၊ လိမ္မော်၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ပန်းဂေါ်ဖီ၊ အဆီများသောငါး။

Photo : Medical News Today
၇။ ပုံမှန်ကျန်းမာရေးစစ်ဆေးပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ကွီးတို့အနေနဲ့ အသက် (၄၀) ကျော်လာရင် ဆီးကျိတ် ကြီးထွားခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။

Photo : UC Health
ကဲ ကွီးတို့ရေ အမျိူးသား တွေအတွက် သတိထားသင့်တဲ့ ဆီးကျိတ် ရောင်ခြင်း နဲ့ပတ်သက်ပြီး ဗဟုသုတ တိုးပွားပြီး ကျန်းမာခြင်းဆုလာဒ်ကို ရရှိနိုင်ကြပါစေ။
Featured Photo : Health
