အယ်လ်ဇိုင်းမား ရောဂါသည် အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးများတွင် အဖြစ်များတယ်ဆိုပေမယ့် ပုရိသ တို့အနေနဲ့ ထိုရောဂါ မဖြစ်နိုင်ပါဘူးလေဆိုပြီး ပေါ့ပေ့ါဆဆနေလို့မရပါဘူး။ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် ဆိုသလိုပဲ ကွီးတို့အနေနဲ့ ကိုယ်ချစ်တဲ့သူတွေရော ကိုယ်ကိုယ်တိုင်ကပါ ထိုရောဂါ မခံစားရအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါရဲ့ အစပျိုးလက္ခဏာများအဖြစ် ပုရိသ တို့အနေနဲ့ ဘယ်လိုသိနိုင်မလဲ

Alzheimer

အရင်ဦးဆုံး မှတ်ဉာဏ်ချို့ယွင်းတာကနေ အစပြုပါတယ်။ သို့သော်လည်း လူတစ်ယောက်နဲ့ တစ်ယောက် လက္ခဏာ ပြသပုံတော့ မတူညီကြပါဘူး။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ တဖြည်းဖြည်းကျဆင်းလာမယ်။ အရင်ကလို တွေးခေါ်နိုင်စွမ်းမရှိတော့ဘူး။ စကားပြောဆိုတဲ့အခါမှာလည်း မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်နိုင်စွမ်းမရှိတော့ခြင်း၊ အမြင်အာရုံ ကျဆင်းခြင်း၊ ဝေဖန်ဆုံးဖြတ်နိုင်စွမ်းများ ကျဆင်းခြင်း အစရှိတဲ့ လက္ခဏာများသည် အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါ ခံစားရတဲ့ ပုရိသ တို့အနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဟင်းချက်ခြင်း၊ ကားမောင်းခြင်း၊ ဈေးဝယ်ခြင်း၊ ငွေရှင်းခြင်း အစရှိတဲ့ လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိမှာမဟုတ်တော့ပါဘူး။ ဥပမာအားဖြင့် သူတို့သည် တူညီတဲ့ မေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေမိတယ်ဆိုရင် သတိထားဖို့လိုအပ်လာပါပြီ။ အရာဝတ္တုပစ္စည်းများကိုလည်း ဘယ်နေရာ ထားမိလို့ ထားမိမှန်း မသိတော့ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်လာပြီး ကလေးငယ်တစ်ယောက်သဖွယ် မဆင်ခြင်တော့ဘဲ ဂျီကျနေခြင်း အစရှိတဲ့ လက္ခဏာများသည်လည်း အယ်လ်ဇိုင်းမားရဲ့ ပထမဦးဆုံးအဆင့်မှာ တွေ့မြင်နိုင်ပါတယ်။

ဘယ်လိုအချက်တွေကြောင့် အယ်လ်ဇိုင်းမားရောဂါ ခံစားရလေ့ရှိသလဲ

Alzheimer

တစ်ရာ ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းကတော့ မျိုးရိုးကြောင့် ခံစားရတာလို့ သုတေသနစာတမ်းများမှာ ဖော်ပြထားပါတယ်။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းကတော့ အခြားသော လူမှုရေးပြဿနာများကြောင့်ဖြစ်ပေါ်လေ့ရှိတယ်လို့ ယူဆကြပါတယ်။ ထိုအရာများကတော့ …

ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ထားမှုခံထားရတဲ့ လူကြီးများ၊ အထီးကျန်မှုကို အလွန်အမင်း ခံစားရသူများ၊ စိတ်ကျရောဂါကို မကုသဘဲ ထားရာကနေ ပိုဆိုးရွားလာခြင်းများ၊ အကြားအာရုံချို့တဲ့သူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသူများ အစရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့်လည်း အသက်အရွယ်ကြီးတဲ့လူကြီးတွေကို တစ်ယောက်တည်း ပစ်မထားဘဲ နွေးနွေးထွေးထွေးဖြင့် ဆက်ဆံပေးဖို့လိုအပ်တာဖြစ်ပါတယ်။

အမျိုးသားတွေက ဘာ့ကြောင့် အဖြစ်နည်းရသလဲ

Alzheimer

တကယ်တော့ အဖြစ်နည်းတယ်ဆိုတာထက် အသိနောက်ကျတာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသမီးတွေမှာဆိုရင် အယ်လ်ဇိုင်းမားရောဂါ လက္ခဏာပြနှုန်းသည် အမျိုးသားများသည် ၂ ဆ ပိုများတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း အသိနောက်ကျကာ အချိန်နှောင်းသွားရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အမျျိုးသားများအနေနဲ့ အချိန်မလွန်ခင်မှာ ကြိုတင်ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ပေးနိုင်သော တိကျတဲ့နည်းလမ်းတော့ မရှိပေမယ့် ကျန်းမာရေးနှင့် ညီညွှတ်တဲ့ လူနေမှုဘဝပုံစံကတော့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှ ဟန့်တားပေးနိုင်ပါတယ်။

ကွီးတို့အနေနဲ့ မိမိကိုယ်တိုင်ရော မိမိချစ်ခင်သူများပါ အယ်လ်ဇိုင်းမားရောဂါကို မခံစားစေချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာသင့်ပြီး ကျန်းမာရေးနဲ့ အညီ နေထိုင်ရမှာပဲဖြစ်ပါတယ်။

မိမိရဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

အယ်လ်ဇိုင်းမား ပုရိသ

ကျနော်တို့ မြန်မာနိုင်ငံထဲတွင် သက်လတ်ပိုင်းကနေ တဖြည်းဖြည်းအသက်ရလာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှုလည်း ပိုမိုနည်းပါးလာပြီး အဝလွန်ရောဂါ စွဲကပ်လာပါတော့တယ်။ အနောက်နိုင်ငံတွေမှာ အသက် ၅၀ ကျော်၊ ၆၀ ကျော်တွေမှာ ဒေါင်ဒေါင်မြည်လို့ သွားလို့ လာလို့ကောင်းတုန်းဖြစ်ပေမယ့် ကျနော်တို့ဆီမှာတော့ သွေးတိုး၊ ဆီးချိုရောဂါ၊ နှလုံးအားနည်းခြင်း အစရှိတဲ့ ရောဂါကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။ လေ့ကျင့်ခန်းကို တစ်ရက်လျှင် မိနစ်ပိုင်းလောက် လုပ်ဖို့အရေး ကိုယ့်ကိုယ်ကိုယ် ညှာနေမယ်ဆိုရင်တော့ ကိုယ်ပဲ ရောဂါ ခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဆီ၊ အဆိမ့်များ၊ အချိုဓာတ်များ လျော့စားပါ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာရောဂါမှ မဝင်လာအောင် နေထိုင်ရမှာပဲဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

အယ်လ်ဇိုင်းမား ပုရိသ

အိပ်ရေးမဝခြင်းသည် တက်ကြွလန်းဆန်းမှုနှင့် စွမ်းအင်တွေကိုလည်း ကျဆင်းစေတဲ့အပြင် လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း လျော့ကျလာစေပါတယ်။ တဖြည်းဖြည်းနဲ့ စိတ်ကျန်းမာရေးရော၊ နှလုံးကျန်းမာရေးကိုပါ ထိခိုက်ပါလိမ့်မယ်။ ညဘက်မှာ သင့်ရဲ့ဦးနှောက်သည်လည်း အနားယူဖို့ လိုအပ်တဲ့အတွက်ကြောင့် အိပ်ရေးဝဝ အိပ်စက်ခြင်းအားဖြင့် မိမိရဲ့ဦးနှောက်ကို အနားပေးလိုက်ပါ။

ဆေးလိပ်ဖြတ်လိုက်ပါ

အယ်လ်ဇိုင်းမား ပုရိသ

ဆေးလိပ်သောက်ခြင်းသည် ကွီးတို့ရဲ့ အဆုတ်ကျန်းမာရေးကိုပါ ထိခိုက်စေရုံသာမကဘဲ ဦးနှောက်ကိုလည်း ရောင်ရမ်းစေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်တဲ့အကျင့်ကိုလည်း ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ဆေးလိပ်ကို လုံးဝ မဖြတ်နိုင်ဘူးဆိုရင်တော့ နည်းနည်းချင်းစီ လျော့သောက်ကြည့်ပါ။ တဖြည်းဖြည်း လျော့လိုက်ရာကနေ နောက်ဆုံးမှာတော့ လုံးဝ ပြတ်သွားတာကို တွေ့မြင်ရပါလိမ့်မယ်။

အယ်လ်ကိုဟောဖျော်ရည်များကို ဆေးဖြစ်ဝါးဖြစ် မှီဝဲပါ

အယ်လ်ဇိုင်းမား ပုရိသ

ဘော်ဒါတွေ ဆုံလာပြီဆိုရင်တော့ အယ်လ်ကိုဟောဖျော်ရည်တွေဖြစ်တဲ့ ဝီစကီ၊ ဘီယာ၊ ရမ် အစရှိတဲ့ဖျော်ရည်တွေကတော့ မပါမဖြစ်ပါဘဲ။ သူပါမှလည်း ပွဲက ပိုစည်မှာကိုး။

အယ်လ်ကိုဟောဖျော်ရည်များကို သောက်သုံးခြင်းကြောင့် ခံစားရရှိတဲ့ အကျိုးကျေးဇူးများလည်းရှိပါတယ်။ ထိုအကျိုးကျေးဇူးများကတော့ .. နှလုံးသွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးခြင်း၊ ကလူးကို့စ်ပမာဏကိုထိန်းညှိပေးခြင်း၊ သွေးခဲခြင်းမှ ကာကွယ်ပေးခြင်း၊ စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။ ထိုအကျိုးကျေးဇူးများကို ရရှိစေချင်တယ်ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ် မှီဝဲမှသာဖြစ်မှာပါ။ ဆေးဖြစ်ဝါးဖြစ်ပမာဏထက် ကျော်လွန်ပြီး မှီဝဲမယ်ဆိုရင်တော့ ထိုကောင်းကျိုးများကို ခံစားရမှာမဟုတ်တော့ပါဘူး။

အသစ်သောအရာများကို လေ့လာသင်ယူပါ

အယ်လ်ဇိုင်းမား ပုရိသ

မိမိရဲ့ဦးနှောက်သည် အလုပ်မပေးဘဲထားမယ်ဆိုရင် ကြာလာရင် ဉာဏ်ထိုင်းသွားကာ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း တဖြည်းဖြည်း ကျဆင်းလာပြီး အယ်လ်ဇိုင်းမားရောဂါကို ခံစားရနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် အသစ် အသစ်သောအရာများကို လေ့လာသင်ယူခြင်းအားဖြင့် မိမိရဲ့မှတ်ဉာဏ်စွမ်းရည်ကို လျော့ကျမသွားအောင် ကြိုးစားသင့်ပါတယ်။

Source: Health.harvard.edu

Featured Image: Huffingtonpost