အလုပ်ဆိုတာ ကိုယ့်ရဲ့ ဒုတိယနေအိမ် ဖြစ်သလို ကိုယ့်ရဲ့ အချိန်အများစု ကုန်ဆုံးရာနေရာလည်း ဖြစ်ပါတယ်။ တစ်ပတ် နာရီပေါင်း ၁၆၈ နာရီ ရှိရာမှာ နာရီ ၄၀ က အလုပ်မှာ ကုန်ဆုံးတာ ဖြစ်လို့ တစ်ပတ်တာရဲ့ လေးပုံ တစ်ပုံက အလုပ်မှာ အချိန်ကုန်တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ဘဝရဲ့အချိန်တွေ ပုံအောပေးထားရတဲ့ လုပ်ငန်းခွင်နေရာမျိုးမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်ဖို့ အကြံပြုချက်တချို့ မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်ချစ်မြတ်နိုးတဲ့ အလုပ် လုပ်ပါ
Photo : Pexels
ကိုယ်ချစ်တဲ့ အလုပ် လုပ်တာက ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး နဲ့ အသက်မွေးမှု ကြီးပွားကြောင်းလည်း ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့အလုပ် လုပ်ရသူအဖို့ လုပ်ငန်းခွင်မှာ ငြီးငွေ့စရာ မဖြစ်တော့ပါဘူး။ သူ့အတွက် နေ့တိုင်းဟာ စိတ်ဝင်စားစရာဖြစ်လာသလို ကာလကြာတာနဲ့အမျှ လုပ်ငန်းခွင်အောင်မြင်မှုလည်း ရရှိလာနိုင်ပါတယ်။
(၂) အလုပ်ခွင် ယဉ်ကျေးမှု ရှိပါ
Photo : Pexels
အလုပ်မှာ ပျော်ရွှင်ဖို့ အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြား ဆက်ဆံရေးဟာ ချမ်းမြေ့သာယာနေဖို့ လိုပါတယ်။ ဒီအတွက် တစ်ယောက်ကို တစ်ယောက် လေးစားသမှုနဲ့ ဆက်ဆံတာ ၊ လိုအပ်သလို အကူအညီပေးတာ ၊ အလုပ်ထဲက သတင်းအချက်အလက်တွေနဲ့ အဆက်မပြတ်ဘဲ ထိတွေ့သိရှိနေတာ စတဲ့ အချက်တွေ ပြည့်စုံဖို့ လိုပါတယ်။
အလုပ်ထဲက အခြေအနေတွေကို ကောင်းကောင်း နားလည်လာလေလေ တစ်ယောက်ကို တစ်ယောက် ဆက်ဆံရေး ၊ အများနဲ့ တစ်ယောက် ဆက်ဆံရေးတွေ ပိုပြီး အားကောင်းခိုင်မာလာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းခွင်ထဲက အဆိုးမြင်သူတွေ ၊ အတင်းတုပ်တတ်ပြီး အရာရာ ကန့်လန့်တိုက်ချင်သူတွေနဲ့ ရှောင်ခွာခွာ နေတတ်ဖို့လည်း လိုပါတယ်။
(၃) များများ ပြုံးပါ
Photo : Pexels
ပြုံးတယ်ဆိုတာ အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်မှုကို နှိုးဆွဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းပါပဲ။ ရိုးသားဖော်ရွေတဲ့ အပြုံးတစ်ခုဟာ လူတွေအကြားက တင်းမာမှုတွေကို ပြေလျော့စေရုံတင်မကဘဲ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရလဒ်ကောင်းတွေပါ ထွက်ရှိစေပါတယ်။
(၄) အနားယူဖို့ အချိန်ပေးပါ
Photo : Pexels
အလုပ်ချိန်မှာပဲ အလုပ်လုပ်ပြီး ကျန်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ အချိန်ယူပါ။ ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရာဝင်ဖြစ်အောင် ကြိုးစားပါ။ ဖုန်း နဲ့ Screen တွေ အကြည့်လျှော့ပြီး စာအုပ်ဖတ်တာ ၊ ဝါသနာတစ်ခုခု အကောင်အထည် ဖော်တာ ၊ မိသားစုဝင်တွေ / မိတ်ဆွေတွေနဲ့ တွေ့ဆုံတာမျိုး လုပ်ပါ။ အလုပ်က ကိုယ့်ရဲ့ နေ့စဉ်ဘဝကို လွှမ်းမိုးလွန်းရင် ပျော်ရွှင်တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
Featured Photo : Vivup