ခဏတာ သာယာမှုကို လိုက်ပြီး တဘဝစာ ဗျာများရမယ့် အဖြစ်မျိုး မလိုချင်ဘူး ဆိုရင်တော့ အကာအကွယ်မဲ့ ချစ်တင်းနှောခြင်းကို ရှောင်ကြဉ်ရပါမယ်။ အကာအကွယ်မပါပဲ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တာဟာ အန္တရာယ်များလွန်းပြီး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှော တဲ့အခါ ကွန်ဒုံး အကာအကွယ် မသုံးချင်ဘူး ၊ အလွှာပါးလေး က ကမ္ဘာခြားတယ် ထင်တဲ့ ကွီးတို့ အနေနဲ့ ကြုံရနိုင်တဲ့ ဆိုးကျိုးအခြေအနေတွေကို ပြောပြပေးချင်ပါတယ်။
(၁) မရည်ရွယ်ပဲ ကိုယ်ဝန်ရနိုင်ခြင်း
Photo : WHYY
အကာအကွယ်မဲ့ ချစ်တင်းနှော ခြင်းရဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်တာပါပဲ။ ကွီးတို့ အနေနဲ့ ချစ်တင်းနှော စဉ်မှာ ကွန်ဒုံး ကဲ့သို့ အကာအကွယ် တစ်ခုခုကို မသုံးသလို အရေးပေါ် သို့မဟုတ် နေ့တိုင်းသောက်သုံးရတဲ့ သန္ဓေတားဆေး တစ်ခုခု သောက်တာမျိုး မရှိဘူးဆိုရင် ကိုယ်ဝန်ရနိုင်ခြေ များစေမှာ ဖြစ်ပါတယ်။
(၂) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ ကူးစက်ခံရနိုင်ခြင်း
Photo : CIDRAP – University of Minnesota
အကာအကွယ်မဲ့ ချစ်တင်းနှောတဲ့အခါ ဆီးပူညောင်းကျ (Gonorrhea) ၊ ကာလသားရောဂါ (Syphilis) နဲ့ HIV တို့လို လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ အများကြီး ကူးစက်ခံရဖို့ အန္တရာယ် ရှိနိုင်ပါတယ်။ ဒီရောဂါပိုးတွေဟာ နာကျင်မှုဝေဒနာ ရောဂါလက္ခဏာတွေခံစားရစေနိုင်ရုံသာမက ကွီးတို့ရဲ့ မျိုးပွားအင်္ဂါကို ပျက်စီးစေနိုင်သလို အချို့သော အခြေအနေတွေမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ကျိုးဆိုးတွေကို ခံစားရစေနိုင်ပါတယ်။
(၃) မျိုးပွားနှုန်း ကျဆင်းစေခြင်း
Photo : UCSF Center for Reproductive Health
အကာအကွယ်မဲ့ ချစ်တင်းနှောခြင်းရဲ့ နောက်ထပ် ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ မျိုးပွားမှုကျန်းမာရေးကို ကျဆင်းစေတာပါ။ ဒါက အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးရဲ့ မျိုးဆက်ပွားကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကြောင့်ပဲ အမျိုးသားတွေမှာဆိုရင် သုတ်ပိုးအရည်အသွေး ကျဆင်းစေနိုင်သလို အမျိုးသမီးတွေမှာ ဆိုရင်လည်း တင်ပါးဆုံရောင်တဲ့ ရောဂါအခြေအနေတွေ ခံစားရစေနိုင်ပြီး မျိုးဆက်ပြန့်ပွားမှု ကျန်းမာရေးအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။
(၄) ကြီးလေးတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှု ခံစားရစေနိုင်ခြင်း
Photo : Foundry Treatment Center
ထင်မှတ်မထားပဲ အကာအကွယ်မဲ့ ချစ်တင်းနှော မိပြီဆိုရင် တစ်ဆက်တည်းမှာပဲ ကိုယ်ဝန်ရသွားနိုင်မလား ဒါမှမဟုတ် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရပြီလားဆိုတဲ့ ကြီးလေးတဲ့ ကြောက်ရွံ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ဆက်တိုက်တွေးတော ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကြောင့်ပဲ ကွီးတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးလေးစားမှုတို့ကိုပါ ထိခိုက်စေနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရခြင်း ၊ ရှက်ရွံ့ခြင်းနဲ့ နောင်တရခြင်းကဲ့သို့ ခံစားချက်တွေ ရောထွေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အကြီးအကျယ် ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။
Source : My Fit Brain
Featured Photo : MEL Magazine