မုန့်ဖုတ်ဆိုဒါ ဟာ အိမ်တိုင်းလိုလိုမှာ တွေ့ရနိုင်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို အစားအသောက် ချက်ပြုတ်ရုံသာမကပဲ အသားအရေ ၊ ဆံပင် ၊ ခံတွင်း ကျန်းမာရေး ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး နဲ့ တခြားသော အလှအပရေးရာ တော်တော်များများမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အလှအပရေးရာ နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက် မုန့်ဖုတ်ဆိုဒါ ရဲ့ အသုံးဝင်ပုံ လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ဆံပင်နဲ့ ဦးရေပြားအတွက် သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်တယ်

Photo : South Florida Reporter
မုန့်ဖုတ်ဆိုဒါ ဟာ ဆံပင်နဲ့ ဦးရေပြားပေါ်က အဆီတွေ ၊ ဆဲလ်သေတွေ ၊ ဦးရေပြား မွှေးညင်းပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ဦးရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ခေါင်လျှော်ရည်နဲ့ ရောပြီး ဦးရေပြားအနှံ့ ပွတ်လိမ်းပေးရပါမယ်။ ဦးရေပြားနဲ့ ဆံသားအနှံ့ကို ညင်သာစွာ နှိပ်နယ်ပွတ်လိမ်းပြီးရင်တော့ မိနစ်အနည်းငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်လို့ ရပါပြီ။
(၂) ရေချိုးဆပ်ပြာအဖြစ် သုံးနိုင်တယ်
Photo : Men’s Health
မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလိုင်း pH ပါရှိတာကြောင့် အရေပြားပေါ်မှာရှိတဲ့ အက်ဆစ်ဓာတ်တွေကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ပထမဦးစွာ အရေပြား မျက်နှာပြင်ပေါ်မှာရှိတဲ့ ချွေး ၊ အဆီနဲ့ ဆဲလ်သေတွေကို ချေဖျက်ပေးပါတယ်။ ထို့နောက် အရေပြားပေါ်နဲ့ ချွေးပေါက်တွေ အတွင်းက အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေကာ တောက်ပလာစေပါတယ်။ ဒါတင်မကသေးပါဘူး မုန့်ဖုတ်ဆိုဒါဟာ အရေပြား ခြောက်သွေ့ယားယံတာ ၊ ရောင်ရမ်းတာတွေအတွက် နက်ရှိုင်းစွာ သက်သာစေပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ရေချိုးကန် သို့မဟုတ် Bathtub ထဲကို ရေဖြည့်ပြီး မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်ခန့် ထည့်ကာ မွှေပေးပါ။ ထို့နောက် Bathtub ထဲကို ဝင်စိမ့်ပြီး ဖုတ်ဆိုဒါ အမှုန့်လေးတွေနဲ့ အရေပြားကို ညင်သာစွာ ပွတ်ပေးရပါမယ်။ ပြီးရင်တော့ ရေချိုးလိုက်လို့ရပါပြီ။
(၃) အရေပြားယားယံခြင်းနဲ့ အက်ကွဲခြင်းတွေကို သက်သာစေတယ်

Photo : Daily Medical Discoveries
မုန့်ဖုတ်ဆိုဒါဟာ အရေပြားခြောက်သွေ့ ယားယံခြင်း ၊ နီမြန်းခြင်း ၊ အရေပြားအက်ကွဲခြင်းတွေအတွက် ဆေးစွမ်းကောင်း တစ်လက်ပါပဲ။ မုန့်ဖုတ်ဆိုဒါ မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ဒီလိုအရေပြားဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အသုံးပြုနည်းကတော့ မုန့်ဖုတ်ဆိုဒါ တစ်ခွက်နဲ့တစ်ဝက်ခန့်ကို ရေ ၃ လီတာ ကျော်ကျော်လောက်နဲ့ ရောစပ်ပြီး လာရတဲ့ ဖျော်ရည်ထဲကို အဝတ်သန့်သန့်နဲ့ နှစ်ပြီး အရေပြားယားယံနီမြန်းမှု ဖြစ်စေတဲ့ နေရာတဝိုက်ကို ညင်သာစွာ ပွတ်လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေဆေးလိုက်လို့ ရပါပြီ။
(၄) ခံတွင်းသန့်စင်ဆေးရည်အဖြစ် အသုံးပြုနိုင်တယ်

Photo : iStock
မကြာသေးမီက တွေ့ရှိခဲ့တဲ့ သုတေသနပြုချက်တွေအရ မုန့်ဖုတ်ဆိုဒါနဲ့ ရေကို ရောစပ်ပြီး ထိရောက်တဲ့ ခံတွင်းသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ အသုံးပြုနည်းကလည်း အရမ်းကိုလွယ်ကူ ရိုးရှင်းပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းခန့်ကို ရေတစ်ဖန်ခွက်နဲ့ ရောပြီး စက္ကန့် ၃၀ ကနေ ၁ မိနစ်ခန့် ငုံ့ကာ ပလုတ်ကျင်းပေးပါ။ ပြီးရင်တော့ ရိုးရိုးရေနဲ့ ပလုတ်ထပ်ကျင်းနိုင်ပါတယ်။ ဒါဆိုရင် ခံတွင်းအတွင်းက ဘက်တီးရီးယားပိုးမွှားတွေနဲ့ အနံ့သက်ဆိုးတွေကို ရှင်းထုတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ သွားကြွေလွှာပေါ်က အညစ်အကြေး အစွန်းအထင်းတွေကိုလည်း ဖယ်ရှားသန့်စင်နိုင်စွမ်းရှိတဲ့အတွက် သဘာဝသွားဖြူဆေး အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သွားတိုက်တံပေါ်တင်ပြီး တိုက်ရိုက်အသုံးပြုနိုင်သလို ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ရောပြီးလည်း သွားတိုက်နိုင်ပါတယ်။
(၅) ကိုယ်နံ့ဆိုးတွေကို ရှင်းထုတ်ပေးနိုင်တယ်

Photo : MensXP
ပုံမှန် ရေမွှေးနဲ့ Deodorants တွေက ခန္ဓာကိုယ်အနံ့ဆိုးတွေကို မပျောက်စေဘဲ သူတို့ရဲ့ ပြင်းပြတဲ့ရနံ့တွေနဲ့ ချွေးနံ့တွေကို ခဏတာ ဖုံးကွယ်ထားရုံပဲ တက်နိုင်ပါတယ်။ ဒါဟာ အချိန်ကြာလာတာနဲ့အမျှ အမွှေးရနံ့တွေက လျော့ပါးလာပြီး အမွှေးရနံ့နဲ့ ချွေးတွေ ပေါင်းစပ်ထားတဲ့ ပိုမိုးဆိုးရွားတဲ့ အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယား ပေါက်ဖွားမှုကို ကန့်သတ်ပေးပြီး ခန္ဓာကိုယ်မှ အနံ့ဆိုးတွေကို အမှန်တကယ် သက်သာအောင် ကူညီပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို နှစ်သက်ရာ Essential Oil တစ်ခုခုနဲ့ ရောစပ်ပါ။ ရလာတဲ့ အရောအနှောကို ဂွမ်းစလေးနဲ့ တို့ပြီး ချွေးနံ့ဆိုးတွေထွက်စေတဲ့ ဂျိုင်းကြားလိုနေရာတွေကို ပွတ်လိမ်းပေးပါ။ ချွေးထွက်များခြင်းကို တားဆီးပေးပြီး အနံ့ဆိုးထွက်ခြင်းကို သက်သာစေဖို့ မုန့်ဖုတ်ဆိုဒါ အမုန့်ကိုလည်း အနည်းငယ်လိမ်းပေးနိုင်ပါတယ်။
Featured Photo : Pure Beauty

