နှစ်ဆယ်ကျော်အရွယ်သည် သင်က ဘယ်လိုလူမျိုးလဲ၊ ဘယ်လို ဖက်ရှင် စတိုင်လ်မျိုးတွေနဲ့ လိုက်ဖက်သလဲ စတာတွေကို စတင်ကာစူးစမ်းရှာဖွေနေရတဲ့ အရွယ်ဖြစ်ပါတယ်။ သို့သော် အသက် ၃၀ အရွယ်သို့ ချဉ်းနင်းဝင်ရောက်လာပြီဆိုတာနဲ့ ထိုစူးစမ်းမှုခရီးစဉ်ကို ရပ်တန့်လိုက်ရတော့မှာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အသက် ၃၀ ကျော် အထိ ဖက်ရှင်ကျနေ ချင်သေးတယ်ဆိုရင်တော့ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
အရည်အသွေးကောင်းတဲ့ပစ္စည်းများကို ဝယ်ပါ
အသက် ၃၀ အရွယ်ရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အဝတ်ဘီဒိုသည် အရည်အသွေးကောင်းတဲ့ပစ္စည်းများနဲ့ ပြည့်နှက်နေရမှာဖြစ်ပါတယ်။ အရေအတွက်များနေစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ထိုအရွယ်သည် လုပ်ငန်းများလည်း အတည်တကျဖြစ်နေချိန်ဖြစ်ပြီး ပွဲတက်အခမ်းအနားများကို ဖိတ်ကြားခံရတဲ့အခါ အရည်အသွေးကောင်းတဲ့ အဝတ်အထည်များဖြင့် ပွဲတက်ရမှာဖြစ်ပါတယ်။
ဖက်ရှင်အသစ်များ တီထွင်ခြင်းကို ရပ်တန့်လိုက်ပါ
အသက် ၃၀ အရွယ်သည် တည်တည်ငြိမ်ငြိမ်နေရမယ့်အရွယ်ဖြစ်နေပါပြီ။ ဆယ်ကျော်သက်အရွယ်၊ ၂၀ ကျော် အရွယ်တွေလို ကိုယ်သည် ဘယ်လိုစတိုင်လ်ပဲ ဝတ်ဝတ် ငယ်ဂုဏ်နဲ့ တင့်တယ်နေမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ၃၀ အရွယ်မှာ ကိုယ်နဲ့ အလိုက်ဖက်ဆုံးဖက်ရှင်တစ်ခုကို ရွေးချယ်လိုက်ပါ။ ထိုဖက်ရှင်နဲ့ လိုက်ဖက်အောင် ဆင်မြန်းဝတ်ဆင်ဖို့လိုအပ်ပါတယ်။
ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိအောင် ထိန်းပါ
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူနေမှုပုံစံများအရ အသက် ၃၀ ကျော်လာတဲ့ ကွီးအများစုသည် ဗိုက်ရွှဲရွှဲကြီးတွေ များပါတယ်။ ဒါသည် လေ့ကျင့်ခန်းမလုပ်ဘဲ ကွန်ပျူတာရှေ့မှာသာ အထိုင်များရခြင်းကြောင့်ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အသက် ၃၀ ကျော်တာတောင်မှ စတိုင်လ်ကျချင်နေသေးတယ်ဆိုရင် မိမိခန္ဓာကိုယ်မှာ အဆီပိုတွေမရှိအောင် လေ့ကျင့်ခန်းလိုက်စားဖို့လိုပါလိမ့်မယ်။
အရည်အသွေးကောင်းတဲ့ နာရီတစ်လုံး ဝယ်ဝတ်ပါ
လက်ပတ်နာရီတစ်လုံးသည် အမှန်တကယ်ရင်းနှီးမြှုပ်နှံထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရင့်ကျက်တည်ငြိမ်တဲ့ အသက် ၃၀ အရွယ်ရောက်နေပြီဖြစ်တဲ့ အမျိုးသားများ ပိုမိုလိုအပ်ပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းတဲ့ နာရီတစ်လုံး ဝယ်ထားရမှာဖြစ်ပါတယ်။
စတိုင်လ်ကျလှပစေမယ့် ရှူးဖိနပ်တစ်ရံ
အပေါ်က ဖက်ရှင်အဝတ်အစားတွေအားလုံးက အဆင်ပြေနေပေမယ့် ကိုယ့်ရဲ့ဖိနပ်က အဆင်မပြေတဲ့အခါ ကွီးတို့ရဲ့ဖက်ရှင်သည် ပျက်ယွင်းသွားတတ်ပါတယ်။ အသက် ၃၀ ကျော်အရွယ်သည် လူငယ်ဆန်တဲ့ Sneakers ဖိနပ်တွေထက်စာရင် ကွီးတို့ကို ရင့်ကျက်တည်ငြိမ်တဲ့အသွင် ဖန်တီးပေးမယ့် သားရေဖိနပ်ကောင်းကောင်း တစ်ရံ ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။
ဆံပင်စတိုင်လ်ကိုလည်း ဂရုစိုက်ပါ
ကိုယ်သည် အသက် ၃၀ အရွယ် ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် ဆံပင်စတိုင်လ်ကိုလည်း ဆယ်ကျော်သက်တုန်းက ညှပ်သလိုမျိုး လိုက်ညှပ်လို့မရတော့ပါဘူး။ ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်ပြီး လူကြီးလူကောင်းဆန်စေမယ့် ဆံပင်စတိုင်လ်မျိုးကို ရွေးချယ်ပုံသွင်းပေးဖို့လိုအပ်ပါတယ်။ ဆံပင်ညှပ်ဆိုင်သို့ မကြာခဏ မဟုတ်ရင်တောင် ၃ လ တစ်ကြိမ်လောက် သွားရောက်ကာ ဆံပင်စတိုင်လ် ပြောင်းလဲသင့်ပါတယ်။
Source: Fashionbeans.com
Featured Image: Fashionbeans.com