အသက်အရွယ် ကြီးရင့်လာချိန်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ဖို့ဆိုရင် အာဟာရပြည့်ဝစွာ မှီဝဲတက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အစာအာဟာရဟာ သုံးတက်ရင်ဆေး မသုံးတက်ရင်တော့ ဘေးဖြစ်စေတယ်ဆိုတာကလည်း သတိချပ်စေချင်ပါတယ်။ တချို့သော အစားအစာ တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပေမယ့် တချို့အစားအစာတွေကတော့ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်ရောက်မှု ရှိစေပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ အသက်ကြီး လာတာနဲ့အမျှ ကျန်းမာတဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အထူးရှောင်ကြဉ်ရမယ့် အစားအစာ ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) ဟင်းသီးဟင်းရွက်စိမ်းများ

Photo : Nutrition Advance

အသက်ကြီးလာချိန်မှာ သွားတွေရဲ့ ကြံ့ခိုင်မှုအားလျှော့လာတဲ့အတွက် ဟင်းသီးဟင်းရွက်တွေကို အစိမ်းအတိုင်းစားတာမျိုး တက်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ ဒါဟာ ဟင်းသီးဟင်းရွက်တွေ လုံးဝမစားဖို့ ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ရရှိဖို့အတွက် ဟင်းသီးဟင်းရွက်တွေကို နူးအောင်ချက်ပြုတ်ပြီး စားနိုင်ပါတယ်။ မုန်လာဥနီ၊ ရွှေဖရုံသီးနဲ့ သကြားမုလာတို့လို ဟင်းသီးဟင်းရွက်တွေကို စွတ်ပြုတ်အနေနဲ့ ချက်ပြုတ်စားသောက်လို့ ရပါတယ်။ ဒါ့အပြင် ဆားမပါတဲ့ စည်သွတ်ဘူး အသီးအရွက်တွေကိုလည်း စားနိုင်ပါတယ်။

(၂) နို့ထွက်ပစ္စည်းများ

Photo : Medical News Today

အသက်ကြီးပိုင်းတွေအတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ အစာချေဖျက်ရာမှာ အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေက အသက်ကြီးတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ် ထောက်ပံ့ပေးပါတယ်။ ဒါ့ကြောင့် အစာအိမ်ပြဿနာကြီးကြီးမားမား မရှိဘူးဆိုရင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အသင့်အတင့် မှီဝဲနိုင်ပါတယ်။ အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ် ၊ အဆီနည်းတဲ့ ချိစ့်တွေက ကျန်းမာရေးအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ Lactose-Free နို့ထွက်ပစ္စည်းတွေကိုလည်း မှီဝဲနိုင်ပါတယ်။ အစာမကြေ ၊ ရင်ပြည့်ရင်ကယ်နဲ့ အစာအိမ်ပြဿနာရှိသူတွေကတော့ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်ရနိုင်တဲ့ ဖြည့်စွက်စာတွေ မှီဝဲလို့ ရပါတယ်။

(၃) ပဲအမျိုးမျိုး

Photo : Medical News Today

ပဲတွေမှာ အမျှင်ဓာတ် ပေါပေါများများပါဝင်ပြီး ပရိုတင်းဓာတ်နဲ့ သံဓာတ်ကြွယ်ဝကာ အဆီပါဝင်မှုလည်း နည်းပါတယ်။ ဒါပေမယ့် ပဲတွေဟာ အစာအိမ်နာခြင်းနဲ့ လေပွခြင်းတွေ ဖြစ်စေတဲ့အတွက် အသက်ကြီးလာချိန်မှာ တော်တော်များများ ရှောင်ကြပါတယ်။ အစာအိမ်နာတာ ၊ လေပွတက်သူတွေအနေနဲ့ ပဲအမျိုးမျိုးကို မစားတာတော့ အကောင်းဆုံးပါ။ အကယ်၍ စားမယ်ဆိုရင်လည်း ကြေညှက်အောင် သေချာလေးဝါးပြီးစားဖို့ အကြံပြုချင်ပါတယ်။ အစာအိမ်လေထိုးလေနာခြင်းကို လျှော့ချချင်တယ်ဆိုရင်တော့ အစာခြေအင်ဇိုင်းတွေကို မှီဝဲနိုင်ပါတယ်။

(၄) ဆားပါဝင်မှုများတဲ့ အစားအစာများ

Photo : Medical News Today

သင်ဟာ အသက် ၅၁ နှစ်နဲ့ အထက်ရှိပြီဆိုရင် ဆိုဒီယမ်ဓာတ် ဘယ်လောက်များများမှီဝဲသလဲဆိုတာ စောင့်ကြည့်ဖို့ American Heart Association က လမ်းညွှန်ထားပါတယ်။ အသက် ၅၁ နဲ့အထက် အသက်အရွယ်ရှိသူတိုင်းဟာ တစ်ရက်ကို ဆိုဒီယမ်ဓာတ် ၂.၃ ဂရမ်သာ အများဆုံး စားသုံးရမှာ ဖြစ်ပါတယ်။ သွေးတိုး ၊နှလုံးနဲ့ ဆီချိုရောဂါအခြေအနေတွေနဲ့ ရင်ဆိုင်နေရသူဆိုပါက တစ်ရက်ကို ဆား ၁.၅ ဂရမ်ထက်ပိုပြီး မစားသင့်ပါဘူး။ ဆားဓာတ်အလွန်အကျွံ စားသုံးခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ ရောဂါ အန္တရာယ်တွေ ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။ ဒါ့ကြောင့် အသက်ကြီးလာချိန်မှာ အေးခဲစာများ ၊ ပြုပြင်ထားတဲ့ အသားများ ၊ ဆီကြော်များနဲ့ ဆားပါဝင်မှုများတဲ့ အငံ အစားအစာ များကို တက်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၅) ကဖိန်းဓာတ်

Photo : Verywell Mind

ကဖိန်းဓာတ်ဟာ လူတိုင်းအတွက် ပြဿနာမဟုတ်ပေမယ့် တချို့သူများတွေမှာတော့ စိုးရိမ်ပူပန်ခြင်း ၊ အထိတ်တလန့်ဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်က နှလုံးခုန်နှုန်းကို တိုးစေပြီး ကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် ကဖိန်းဓာတ်အလွန်အကျွံသုံးစွဲသူတွေမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အော့အန်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်ဟာ ကဖိန်းဓာတ်စွဲလန်းနေသူတစ်ယောက်ဆိုရင် ဖြည်းဖြည်းချင်းလျော့ချပြီး ဖြတ်ဖို့ ကြိုးစားပါ။ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီနဲ့ ဖျော်ရည်တွေအစား ဆေးဖက်ဝင်အပင်တွေနဲ့ ဖျော်စပ်ထားတဲ့ ဖျော်ရည်တွေ ၊ လက်ဖက်ရည်တွေကို အစားထိုးမှီဝဲနိုင်ပါတယ်။

Featured Photo : Bethesda Health Group