အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ခြင်းသည် ကွီး တို့ကို အသက်ရှည် ကျန်းမာစွာ နှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကူညီပေးပါတယ်။
အသေးအဖွဲအလေ့အကျင့်လေးကအစ အနည်းငယ် ပြောင်းလဲလိုက်တာနဲ့ ခံစားချက်ကောင်းများ ခံစားရလာမှာဖြစ်ပြီး နေ့ရက်တိုင်းမှာလည်း အသက်ရှင်ရတာ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ ဒီလိုမျိုး အသက်ရှည် ကျန်းမာစွာ နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းကောင်းတွေကို ကျင့်သုံးရမလဲ။
ကိုယ်ရဲ့ စားသောက်မှုပုံစံကို လေ့လာကြည့်ပါ
မြန်မာလူမျိုးတွေရဲ့ စားသောက်မှုပုံစံသည် ကျန်းမာရေးနှင့် မညီညွှတ်တာများပါတယ်။ ဟင်းလျာများ ချက်ပြုတ်စားသုံးတဲ့အခါ အငန်ဓာတ် အလွန်အကျွံ အသုံးပြုကြခြင်း၊ ဆီ အများအပြား အသုံးပြုကာ ဟင်းချက်ကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ သက်လတ်ပိုင်းအရွယ်မှာတင် သွေးတိုး၊ ဆီးချို၊ အဝလွန်ရောဂါ အစရှိသည်တို့ကို ခံစားလာရပါတယ်။
ကိုယ်ကိုယ်တိုင်ရော ကိုယ်ချစ်တဲ့သူတွေကိုပါ အသက်ရှည် ရှည်နဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေထိုင်စေချင်တယ်ဆိုရင် အစားအစာ စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ဟင်းချက်တဲ့အခါ အငန်ဓာတ်လျော့ပါ။ ဆီနည်းနည်းနဲ့ ဟင်းချက်ပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းဓာတ်များ အစရှိတဲ့ အာဟာရဓာတ်များကို မျှတစွာ စားသုံးပါ။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
အချို့က Gym သွားပြီး လေ့ကျင့်ခန်း သွားလုပ်ကြတာကို အပိုအလုပ်လို့ ထင်တတ်ကြပြီး လှချင် ပချင်လို့ သွားကြတယ်လို့ မှတ်ယူကြပါတယ်။ တကယ်တော့ Gym သွားကာ အားကစားပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် အင်မတန်မှ အထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ Gym သွားဖို့ အချိန်မပေးနိုင်ဘူး။ မန်ဘာကြေးတွေ ပေးရတာ နှမြောတယ်ဆိုရင်လည်း မိမိအိမ်မှာပဲ ပြုလုပ်နိုင်တဲ့ Workout များရှိပါတယ်။ မည်သည့်ပစ္စည်းကိရိယာမျှ မလိုအပ်ဘဲ ပြုလုပ်နိုင်ပါတယ်။ တစ်ရက်လျှင် ၁၅ မိနစ်ခန့်သာ အချိန်ပေးရုံမျှဖြင့် အသက်ရှည် ရှည်နှင့် ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မှာပါ။
ဘော်ဒါများနှင့်အတူတူ အချိန်ကုန်ဆုံးပါ
ခန္ဓာကိုယ်ကျန်းမာရေးသည်လည်း အရေးကြီးသလို စိတ်ကျန်းမာရေးသည်လည်း အရေးကြီးပါတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာမှ လုပ်ငန်းဆောင်တာများအားလုံးကို စိတ်ပါလက်ပါ လုပ်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့် ဘဝကို တစ်ယောက်တည်း အထီးကျန်ကျန်ဖြတ်သန်းတာထက်စာရင် ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကုန်ဆုံးဖို့လည်း လိုအပ်ပါတယ်။ အားလပ်ရက်မှာ တစ်ယောက်တည်း အိမ်မှာ ကပ်ကာ ပျင်းပျင်းရိရိဖြတ်သန်းနေမယ့်အစား ကိုယ့်ရဲ့အပေါင်းအသင်းများနှင့် အတူတူ ကုန်ဆုံးသင့်ပါတယ်။ ဒါသည်လည်း စိတ်ပျော်ရွှင်မှု တစ်မျိုးပဲဖြစ်ပါတယ်။
အိပ်စက်ချိန်မှန်ကန်ပါစေ
ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေရဲ့ ဆွဲဆောင်မှုကလည်း ပြင်းလွန်းလှပါတယ်။ ညနက်သန်းခေါင် ဘောလုံးပွဲ ကြည့်တာမျိုး၊ ဖုန်းသုံးတာမျိုး၊ ရုပ်ရှင်ကြည့်ခြင်းတို့သည်လည်း ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အိပ်တော့မယ်လို့ စိတ်ကို ပြင်လိုက်တာနဲ့ ဖုန်းသုံးခြင်းကို ရပ်ပစ်လိုက်ပါတော့။ ညအိပ်ရာဝင်ချိန်နှင့် မနက် အိပ်ရာနိုးချိန်တို့ကို တူညီနေအောင် တစ်သမတ်တည်းထားပါ။ ဒါဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်သည်လည်း တကူးတကလိုက်လုပ်စရာမလိုတော့ဘဲ အိပ်စက်ချိန်ရောက်တဲ့အခါ အလိုလို အိပ်မောကျသွားပြီး နိုးထချိန်ရောက်တဲ့အခါ အလိုလို နိုးထလာပါလိမ့်မယ်။
ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း ချီးကျူးဖို့ မမေ့ပါနဲ့
ပျော်ရွှင်စရာကောင်းတဲ့ အိပ်ထောင်ရေးသည်လည်း ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးပြီး အသက်ရှည် ကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကူညီပေးပါတယ်။ စိတ်ကျရောဂါမှ ကင်းဝေးစေပြီး ကိုယ်ချစ်တဲ့သူတွေနဲ့လည်း အချိန်အကြာကြီး အတူတူ ဖြတ်သန်းနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အပေးအယူမျှပြီး ချစ်ချစ်ခင်ခင်နဲ့ နားလည်မှုရှိရှိ အိမ်ထောင်သည်ဘဝကို အတူတူ ဖြတ်သန်းဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း ချီးကျူးသင့်တဲ့အချိန်ကျရင် တွန့်ဆုတ်မနေဘဲ ရဲရဲကြီးသာ ချီးကျူးလိုက်ပါ။
မိမိကိုယ်ကိုယ် အခြားသူများနှင့် မနှိုင်းယှဉ်ပါနဲ့
Photo: Forbes
ကျနော်တို့သည် ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းကို ရပ်တန့်လိုက်တဲ့အခါ ဘဝကြီးက ပိုမိုပျော်ရွှင်စရာကောင်းပြီး နေလို့ကောင်းတာကို တွေ့မြင်လာရပါလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ဝင်ငွေပိုကောင်းနေတာမျိုး၊ ကားအကောင်းစားတွေ စီးနေရပါလား၊ ငါကတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိသေးပါလားဆိုတဲ့ ခံစားချက်ကြီး ဝင်လာတဲ့အခါ ချက်ချင်းအာရုံလွှဲဖို့လိုအပ်ပါတယ်။ အမြဲလိုလို နှိုင်းယှဉ်တတ်တဲ့ စိတ်ကို ကိုယ့်ရဲ့ချစ်သူ၊ မိသားစုဝင်များ၊ မိမိကိုယ်ကိုယ် ချစ်ခင်စိတ်အဖြစ် ပြောင်းလဲလိုက်ပါ။
ဒါဆိုရင်တော့ ဘဝကြီးသည် ပိုမိုအဓိပ္ပာယ်ရှိပြီး နေထိုင်ရတာလည်း ပျော်ရွှင်အတိဖြစ်လာပါလိမ့်မယ်။
Source: Slma.cc
Featured Image: Wellwo