လူတိုင်း အသက်ရှည်ရှည် နေချင်ကြတာချည်းပဲ မဟုတ်ပါလား။ သို့ပေမယ့် မိမိရဲ့ နေထိုင်စားသောက်မှု ပုံစံ၊ ကျန်းမာရေးကို အလေးထားမှုတွေပေါ် မူတည်ပြီး ဘယ်လောက်ပိုမို ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်မလဲဆိုတာ ကွာသွားပါတယ်။ အသက်ရှည် ကျန်းမာဖို့ ခက်ခဲလားမေးရင် လုံးဝမခက်ပါဘူး။ ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကို အနည်းငယ်ပြောင်း လိုက်ရုံပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အသက်ရှည်ဆေး တစ်ဖွယ်ဖြစ်တဲ့ အလေးအနက်ထားရမယ့် အလေ့အကျင့်ကောင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပါ
Photo : City Spidey
ကွီးတို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကို သေချာပြန်လေ့လာကြည့်လိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ အခုခေတ်မှာ အလွယ်တကူ ရနိုင်တဲ့ အရသာရှိလှတဲ့ အသင့်စား အစားအစာတွေ၊ အကြာကြီး ခဲထားတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားတဲ့ အသားများ စတာတွေ အစားများခြင်းကြောင့် ကင်ဆာနဲ့ အခြားသော ရောဂါဖြစ်ပွားနိုင်ခြေ များပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်အလေးပေးစားသုံး သင့်ပါတယ်။ ငါး၊ အစေ့အဆန်များ၊ အခွံမာသီးများနှင့် ပဲပင်များကဲ့သို့ ပရိုတင်းဓာတ်များ ကြွယ်ဝသော အစားအစာများကို စားသုံးသူများက အသက်ပိုရှည်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာဖြစ်ပွားမှုနည်းပါးတယ်လို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်များ များများစားပေးဖို့လည်း မမေ့ပါနဲ့။
လှုပ်ရှားမှု ရှိပါစေ
Photo : Vista Create
ကိုယ်လက်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပြီး တတ်ကြွလှုပ်ရှားစွာ နေထိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ကြွက်သားနဲ့ အရိုးတွေကို သန်မာစေတဲ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါတယ်။ ယေဘူယျအားဖြင့်၊ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက အသက်ပိုရှည်ရန်အတွက် အလားအလာ ပိုများစေပါတယ်။ တစ်ပတ်လျှင် ၂.၆ နာရီမှ ၄.၅ နာရီကြား လေ့ကျင့်ခန်းလုပ်သူများက သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။
စိတ်ဖိစီးမှုများနဲ့ စိတ်ကျန်းမာရေးကို အလေးထားပါ
Photo : Vista Create
ကွီးတို့ရေ “စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျခြင်းတို့က ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ ဆိုးဝါးစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် ရေရှည် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါမှာ ကျွန်တော်တို့ သက်တမ်းကို လျော့နည်းစေပြီး အသက်တို စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အတတ်နိုင်ဆုံး လျော့ချဖို့ လိုပါတယ်။ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ချစ်ခင်ရသူများနဲ့ အချိန်ကောင်းလေးတွေ ဖန်တီးခြင်း၊ ကိုယ်ဝါသနာပါရာလေးများ ပြုလုပ်ခြင်းဖြင့် ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ပြုလုပ်နိုင်ပါတယ်။
ကောင်းမွန်စွာ အိပ်စက်အနားယူပါ
Photo : SciTechDaily
ကွီးတို့ရေ ကျန်းမာအသက်ရှည်ဖို့ဆိုရင် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကလည်း အရေးကြီးပါတယ်။ ပုံမှန်လူတစ်ယောက်အတွက် တစ်ညကို ၇ နာရီကနေ ၈ နာရီထိ တစ်သတ်မတ်တည်း အိပ်စက်အနားယူဖို့ လိုပါတယ်။ လုံလောက်စွာ အိပ်စက်အနားယူမှု မရှိခြင်းနဲ့ အိပ်ရေးပျက်တာများပြီး အိပ်ချိန်နည်းခြင်းတို့ကြောင့် စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါကဲ့သို့သော နာတာရှည်ရောဂါများအပြင် စောစီးစွာ သေဆုံးနိုင်ခြေပိုများပါတယ်။
ကွီးတို့ရေ ဒီအလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် အသက်ရှည်ဆေး ကောင်းတစ်လက်ကို ပိုင်ဆိုင်ထားသကဲ့သို့ ကျန်းမာအသက်ရှည်မှာ အသေအချာပါပဲ။
Source : MDVip
Featured Photo : Vista Create