တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ဖြစ်မယ့် ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစား ရပါတော့မယ်။ ဒီပွဲက မိတ်ဆွေဟောင်းကြီးတွေ ဖြစ်တဲ့ မန်ယူ နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကောင်းတစ်ပွဲပါ။ မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။
Photo : Evening Standard
မန်ယူ အသင်းဟာ ဒီရာသီမှာ အဆိုးရွားဆုံး ပုံစံတွေနဲ့ အလူးအလဲ ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိနေပြီး ပရီးမီးယားလိဂ် ၉ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။ လီဗာပူးနဲ့ စပါးတို့လို အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ထားပြီး အက်စတွန်ဗီလာ အသင်းကိုလည်း သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းလိုလိုမှာ ကျေနပ်လောက်စရာမရှိတဲ့ စွမ်းဆောင်ရည်တွေကိုသာ မြင်တွေ့ခဲ့ရတဲ့ မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ဝက်စ်ဟမ်းကို (၂-၁) ဂိုးနဲ့ ရှုံးခဲ့ပြီးတဲ့ နောက်မှာတော့ နည်းပြ တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
အသင်းရဲ့ ပုံစံရော ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းပါ ကောင်းမွန်မှု မရှိသေးတဲ့ မန်ယူ အသင်းအနေနဲ့ လက်ရှိ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တန်ဟတ်အလွန် ယာယီ နည်းပြ နစ္စတယ်ရွိုင်းရဲ့ လက်အောက် ကာရာဘောင်းဖလား ပွဲစဉ်အတွင်းမှာ လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲရလဒ်ကပဲ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အနည်းငယ်ပြန်လည် ဦးမော့လာစေခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
Photo : The Busby Babe
ချဲလ်ဆီး အသင်းကတော့ ပြီးခဲ့တဲ့ရာသီ ကထက်စာရင် ဒီရာသီမှာ ခြေစွမ်းပိုင်း တိုးတက်လာတာကို မြင်တွေ့ရပြီး တိုက်စစ်ပိုင်းမှာ ကျေနပ်လောက်စရာ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ ချဲလ်ဆီးအသင်း နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာလည်း ၃ ပွဲနိုင် ၊ ၁ ပွဲသရေနဲ့ ၁ ပွဲရှုံး ရလဒ်ကို ရရှိထားပြီး လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု (၂) ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် ၁ ပွဲစီ အနိုင် ရရှိထားတာကိုတွေ့ရပြီး ချွင်းချက်နေနဲ့ ချဲလ်ဆီးအသင်းကတော့ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲပျောက် ကျိန်စာသင့်နေခဲ့တာ ဆယ်စုနှစ်တစ်ခု ရှိခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ နည်းပြအပြောင်းအလဲ ဖြစ်ခဲ့တဲ့ နောက်မှာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု ပြန်ရလာတာရော အိမ်ကွင်းမှာ လက်ခံကစားသွားရမှာရောက အားသာချက်တစ်ခု ဖြစ်နေပြီး ချဲလ်ဆီးကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။
Photo : Chelsea Football Club
ချဲလ်ဆီး အသင်းအနေနဲ့ ၂၀၁၃ နောက်ပိုင်းကတည်းက အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ ကျိန်စာကို ပယ်ဖျက်နိုင်မလား ? ဒါမှမဟုတ် မန်ယူ အသင်းကပဲ အိမ်ကွင်းမှာ ဦးဆောင်သွင်းဂိုးတွေနဲ့ ချဲလ်ဆီးကို အနိုင်ယူပြသွားမလား ဆိုတာကတော့ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်။
Featured Photo : SokaPro