ရာသီဥတုက ပူအိုက်ရတဲ့ကြားထဲ ကွီးတို့ရဲ့ အသည်းကျော် ပဲလှော် လေးကပါ ခဏခဏ စိတ်ကောက်နေလို့ ညစ်နေပါသလား။ ဒီလိုမျိုး ခဏခဏ စိတ်ကောက်တတ်တဲ့ ချစ်သူလေး ပိုင်ဆိုင်ထားရတာကလည်း တခါတလေလည်း တစ်မျိုး ကြည်နူးရသလို၊ ကိုယ်ကိုယ်တိုင်က အလုပ်တွေများပြီး စိတ်ဖိစီးနေရင် စိတ်ညစ်ရမှာပါပဲ။

ဒီလိုမျိုး ကိုယ့်ရဲ့ အသည်းကျော် ပဲလှော် လေးက ခဏခဏ စိတ်ကောက်တိုင်းမှာ ဘာမှမလုပ်ဘဲ ထိုင်နေမယ်ဆိုရင်တော့ သူ့ရဲ့ စိတ်ကောက်မှု အတိုင်းအတာက ပိုမြင့်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အခြေအနေတွေ ပိုဆိုးမလာခင်မှာ ဘယ်လိုမျိုး ပြန်လည်ချော့မြှူရမလဲဆိုတာ သိထားသင့်ပါတယ်။ နည်းလမ်းကောင်းများနဲ့ ပြန်လည်ချော့မြှူရင်း ကိုယ့်ရဲ့ အသည်းကျော် ပဲလှော် လေးကို စိတ်ပြန်ပြေအောင် ကြိုးစားသင့်ပါတယ်။

ဘာ့ကြောင့် စိတ်ကောက်ရသလဲဆိုတာ မေးမြန်းပါ

စိတ်ကောက်

Relationship တစ်ခုမှ ပွင့်လင်းမှုက အဓိက အကျဆုံးပါပဲ။ သူ(မ)ဘက်က တစ်ခုခုကို အလိုမကျလို့ စိတ်ကောက်နေပြီဆိုရင် ဘာ့ကြောင့် စိတ်ကောက်ရသလဲဆိုတာ သူ(မ)ကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြည့်ပါ။ သူ(မ)က အင်းမလုပ်၊ အဲမလုပ်နဲ့ အင်တင်တင် လုပ်နေတဲ့အခါ ကိုယ့်ဘက်ကလည်း ပြေလည်ရာ ပြေလည်ကြောင်း ပြန်ပြောဖို့ လိုအပ်ပါတယ်။

“အချစ်ကလေး မပြောပြရင် ကိုယ်က ဘယ်လိုလုပ်သိမှာလဲ။ ကိုယ်က ဘုရားမှ မဟုတ်တာ၊ အသက်ကလေးရဲ့ ချစ်သူလေးပဲ ဥစ္စာ” စသည်ဖြင့် သကာရည်လောင်းပြီး ချွဲ့နွဲ့ကာ ပြောသင့်ရင်လည်း ပြောရမှာပဲဖြစ်ပါတယ်။ ဒါမှသာလျှင် သူ(မ)ဘက်က မတတ်သာတဲ့အဆုံး ပြောပြရတဲ့ ပုံစံနဲ့ ပြောပြပါလိမ့်မယ်။ ဒါမှ စိတ်ကောက်ရတဲ့ အကြောင်းအရင်းကို သိပြီး ပြဿနာကို အတူတူ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

သူ(မ)ဘက်ကနေ စဥ်းစားပါ

အသည်းကျော် ပဲလှော်

အကြောင်းအရင်းကို သိရပြီဆိုရင်တော့ သူ(မ) ဘာ့ကြောင့် စိတ်ကောက်ရသလဲဆိုတာကို သူ(မ)ဘက်က စဥ်းစားပေးဖို့ လိုအပ်ပါတယ်။ ဒါလေးနဲ့ စိတ်ကောက်နေစရာလားလို့ သွားမပြောပါနဲ့။ မိုးမီးလောင်သွားပါလိမ့်မယ်။ ကိုယ့်ဘက်က ကြည့်ရင်တော့ သေးသေးမွှားမွှားပြဿနာပဲဆိုပေမယ့် သူ(မ)အတွက်တော့ အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူ(မ)ရဲ့ ရှု့ထောင့်ကနေ စဥ်းစားဖို့ လိုအပ်ပါတယ်။

ကိုယ့်ဘက်က မှားတယ်ဆိုရင် စိတ်ရင်းအမှန်နဲ့တောင်းပန်ပါ

အသည်းကျော် ပဲလှော်

တကယ်လို့ သူ(မ) စိတ်ကောက်ရတဲ့ အကြောင့်အရင်းက ကိုယ့်အမှားကြောင့်ဆိုရင်တော့ သူ(မ)ကို တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ တောင်းပန်တဲ့အခါမှာလည်း ရွဲ့သလိုလို စိတ်မပါသလိုလို ပါသလိုလို လုပ်ပြီး မတောင်းပန်ပါနဲ့။ သူ(မ) ပိုစိတ်ဆိုးသွားပါလိမ့်မယ်။ ကိုယ့်ဘက်က လူကြီးလူကောင်းဆန်စွာနဲ့ ပိုမိုရင့်ကျက်တဲ့ ပုံစံ ပြသကာ တောင်းပန်လိုက်ပါ။ ဒါဆိုရင်တော့ သူ(မ) စိတ်ပြေသွားပါလိမ့်မယ်။

ကိုယ့်ဘက်က အမှားမဟုတ်ဘူးဆိုရင် သူ(မ) နားလည်အောင် သေချာရှင်းပြပါ

အသည်းကျော် ပဲလှော်

တခါတရံမှာ ကိုယ့်အမှားကြောင့် မဟုတ်ဘဲ သူ(မ)ရဲ့ စိတ်ခံစားချက် သပ်သပ်ကြောင့် စိတ်ကောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ သူ(မ)က သဝန်တိုတတ်တဲ့သူဆိုရင် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ အခြားမိန်းကလေးတစ်ယောက်ရှိတယ်ဆိုရင်တော့ သဝန်တိုမှာပါပဲ။ ကိုယ့်ဘက်က ရိုးရိုးသားသားဆိုပေမယ့် သူ(မ)ရဲ့ သဝန်တိုတတ်တဲ့စိတ်ကြောင့် စိတ်ကောက်ပြီး နှစ်ယောက်သား ကတောက်ကဆဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် ကိုယ့်ဘက်က သူ(မ) နားလည်အောင် ရှင်းပြဖို့ လိုအပ်ပါတယ်။ အလုပ်သဘောအရ မဖြစ်မနေ ပြောဆိုဆက်ဆံရတာဖြစ်ကြောင်း၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကိုလည်း ယုံကြည်ပေးဖို့လိုကြောင်း ပြောပြပါ။ ကိုယ့်ဘက်ကလည်း ကောင်မလေးတွေနဲ့ ရောရောနှောနှောမနေဘဲ ကင်းကင်းရှင်းရှင်းနေကြောင်း၊ အနေအထိုင် ဆင်ခြင်ကြောင်းကိုလည်း သူ(မ)သိအောင် ပြသဖို့ လိုအပ်ပါတယ်။ သူ(မ)ဘက်က စိတ်လုံခြုံမှုကို ခံစားရပြီဆိုရင်တော့ ဒီလိုမျိုး ပြဿနာတွေ ကြုံတွေ့ရမှာမဟုတ်ပါဘူး။

သူ(မ) စိတ်တိုနေတိုင်း ကိုယ့်ဘက်က အပြိုင် လိုက်မတိုပါနဲ့

အသည်းကျော် ပဲလှော်

သူ(မ)က စိတ်တိုပြီး ဒေါသထွက်ကာ အော်ဟစ်နေတိုင်း၊ ကိုယ်ကလည်း သူ(မ)နဲ့ အပြိုင် လိုက်ပြီး ဒေါသမထွက်ဖို့ လိုအပ်ပါတယ်။ နှစ်ယောက်စလုံး ဒေါသထွက်နေမယ်ဆိုရင် ပြဿနာတွေက ပြေလည်နိုင်မှာမဟုတ်ပါဘူး။ သူ(မ)ကို သေသေချာချာ ပြန်ချော့ပါ။ သူ(မ) ကြိုက်နှစ်သက်တဲ့ မုန့်များ၊ သွားရေစာများ ဝယ်ကျွေးပါ။ သူ(မ) ပြန်လည် ရယ်မောလာအောင် ဟာသများ ပြောပြပါ။ မရယ်ရတဲ့ ဟာသဆိုရင်တောင်မှ သူ(မ) မျက်နှာက ပြုံးယောင်သမ်းလာရင် ကွီးတို့အတွက် တိုင်းပြည်တစ်ဝက် အေးချမ်းသွားပါလိမ့်မယ်။

နောက်ဆုံး နည်းလမ်းကတော့ သူ(မ)ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပေးလိုက်တာပါပဲ။ နောက်ဆုံး လက်နက်ဆိုတော့ ဘယ်လိုမှ ချော့မရတဲ့အဆုံး ထိုနည်းလမ်းကို အသုံးပြုလိုက်ပါ။

ကွီးတို့ရဲ့ ကိုယ့်ရဲ့ အသည်းကြော် ပဲလှော် လေးက စိတ်ကောက်ရင် ဘယ်လိုနည်းလမ်းများနဲ့ ချော့မြှူလေ့ ရှိပါသလဲ။

Source: Wikihow

Featured Image: Freepik