အားလုံးသိကြတဲ့အတိုင်း ပရိုတင်း ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားပြုပြင်မှုနဲ့ ကြီးထွားမှုအတွက် အလွန်အရေးပါပါတယ်။ ဒါတင်မကသေးပါဘူး ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အမွှေးအမျှင်တွေ သန်စွမ်းဖို့ ၊ ခြေသည်းလက်သည်း ကောင်းမွန်ဖို့ ၊ ဟော်မုန်းပမဏနဲ့ စွမ်းအင် ပြည့်ဝဖို့အတွက်လည်း အဓိက လိုအပ်ပါတယ်။ အာဟာရဆိုင်ရာ ပညာရှင်တွေရဲ့အဆိုအရ ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ ပရိုတင်း ၀.၈ ဂရမ်လိုအပ်ပြီး ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်ရှိတဲ့ သူတစ်ယောက်အတွက် တစ်နေ့တာ ပရိုတင်း ၄၈ ဂရမ် လိုအပ်ပါတယ်။ ပရိုတင်းကို အသားငါးနဲ့ ဥအမျိုးမျိုး ၊ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပြီး အကယ်၍ ကွီးတို့က အသားမစားတဲ့ သူတစ်ယောက်ဆိုရင် အခုပြောပြမယ့် အစားအစာတွေကနေ ပရိုတင်းဓာတ် ဖြည့်တင်းနိုင်ပါတယ်။

Vegan Foods With the Most Protein

Photo : The Spruce Eats

ကုလားပဲ – ကုလားပဲဟာ ပရိုတင်း ပြည့်ဝတဲ့ သဘာဝအစားအစာတစ်ခုပါ။ ကုလားပဲကို စွတ်ပြုတ်အနေနဲ့ သုံးဆောင်နိုင်သလို ဟင်းသီးဟင်းရွက်တွေနဲ့ ရောနှောပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းတစ်ခွက်အဖြစ် ချက်ပြုတ်စားသုံးလို့ ရပါတယ်။ ကုလားပဲကတော့ နေရာမရွေးအလွယ်တကူ ဝယ်လို့ရနိုင်ပြီး ဈေးမကြီးပဲ ပရိုတင်းဓာတ် ပြည့်ပြည့်ဝဝ ရနိုင်တဲ့ အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။

မြေပဲ – မြေပဲ တစ်ပန်းကန်မှာ ပရိုတင်းဓာတ် ၂၀.၅ ဂရမ် ပါဝင်ပါတယ်။ မြေပဲဟာ အာဟာတန်ဖိုး မြင့်မားတဲ့ အစားအစာတစ်ခုဖြစ်ပြီး အဆာပြေ အစားအစာအနေနဲ့ စားသုံးနိုင်သလို ဟင်းချက်ရာမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ မြေပဲကို ဒီတိုင်းစားရတာမကြိုက်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မြေပဲထောပတ်ကို ရွေးချယ်စားလို့ ရပါတယ်။

ဗာဒံစေ့ – ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ပရိုတင်း ဓာတ်ကြွယ်ဝတဲ့ အစေ့အဆန်တွေအကြောင်း ပြောတဲ့အခါ ဗာဒံစေ့ဟာ ထိပ်ဆုံးကနေ ပြောရမှာပါ။ ဗာဒံစေ့ ခွက်တဝက်စာမှာ ပရိုတင်းဓာတ် ၁၆.၅ ဂရမ် ရနိုင်ပါတယ်။ ပရိုတင်းအပြင် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တဲ့ ဗာဒံစေ့ဟာ အသားမစားချင်သူတွေအတွက် ရွေးချယ်စရာ အစားအစာတစ်ခု ဖြစ်ပါတယ်။

ပဲစိမ်း – ဒန်ပေါက်လို အိန္ဒိယအစားအစာတွေနဲ့ ဟင်းလျာအမယ်တွေမှာ ရောထည့်ချက်ပြုတ်လေ့ရှိတဲ့ ပဲစိမ်းဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အပြင် ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ပဲစိမ်းကို အသားအစားထိုး အစားအစာတစ်ခုအနေနဲ့ စားသုံးပေးနိုင်ပါတယ်။

အုတ်ဂျုံ – အုတ်ဂျုံကတော့ ဝိတ်ချနေသူတွေ ၊ ကျန်းမာရေးနဲ့အညီ စားသောက်မှုပုံစံကို ထိန်းသိမ်းနေသူတွေ အများဆုံး စားကြတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ အုတ်ဂျုံဟာ ဗိုက်ပြည့်လွယ်စေပြီး အဆာခံတဲ့ အစားအစာတစ်မျိုး ဖြစ်တဲ့အပြင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ ပေါပေါများများ ပါဝင်ပါတယ်။ ဒါ့အပြင် အုတ်ဂျုံ ခွက်တစ်ဝက်ခန့်ဟာ ပရိုတင်းဓာတ် ၆ ဂရမ်ခန့် ပေးစွမ်းပါတယ်။

Vegan Foods With the Most Protein x

Photo : Green Matters

ပရိုတင်းဓာတ်လည်း ရချင်တယ် ၊ အသားငါး ၊ ဥနဲ့ နို့ထွက်အစားအစာတွေ မစားချင်ဘူးဆိုတဲ့ ကွီးတို့ကတော့ အခုပြောပြတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးနိုင်ပါတယ်။

Source : Healthshots

Featured Photo : Men’s Health