လတ်ဆတ်တဲ့ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အသီးအနှံတွေ များများစားပေးတာက ကျန်းမာရေးအတွက် အကျိုးပြုစေရုံသာမက အသားအရေအတွက် မယုံနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေ များစွာ ရစေပါတယ်။ အသားအရေ ကြည်လင်ဝင်းမွတ်နေခြင်းဟာ လူတစ်ယောက်ကို ဆွဲဆောင်မှုတိုးစေတဲ့ အချက်တစ်ခု ဖြစ်တာကြောင့် ကွီးတို့ရဲ့ အသားအရေ ကို သဘာဝအတိုင်း ကြည်လင်လာစေဖို့ စားပေးသင့်တဲ့ အသီးအနှံ ၅ မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) လိမ္မော်သီး
Photo : MasterClass
လိမ္မော်သီးမှာ အသားအရေအတွက် လိုအပ်တဲ့ သဘာဝ ဗီတာမင် C ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လိမ္မော်သီးက အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ကိုထိန်းထားပေးပြီး မွဲခြောက်နေတဲ့ အသားအရေကို ပြန်လည် ကြည်လင်ဝင်းပလာစေဖို့ ကူညီပေးသလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ ကော်လာဂျင်ကိုလည်း တည်ဆောက်ပေးပါတယ်။ တစ်နေ့ကို တစ်ကြိမ် လိမ္မော်သီး တစ်ဝက်ခန့် စားပေးနိုင်ပါတယ်။
(၂) ပန်းသီး
ကျန်းမာရေးကောင်းချင်ရင် ပန်းသီးတစ်လုံးနေ့တိုင်း စားပေးရမယ်ဆိုတဲ့ စကားလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသလို အသားအရေကောင်းမွန်စေဖို့လည်း အထောက်အကူ ပြုပါတယ်။ ပန်းသီးမှာ ဗီတာမင် A ၊ ဗီတာမင် C ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ၊ ပိုတက်စီယမ် ၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်များ ပါရှိတာကြောင့် ကွီးတို့ရဲ့ အသားအရေကို ကျန်းမာနုပျိုစေပြီး သဘာဝအတိုင်း ကြည်လင်လာစေမှာ ဖြစ်ပါတယ်။
(၃) ဖရဲသီး
Photo : Simply Recipes
ရေဓာတ် ဖြည့်တင်းပေးနိုင်တဲ့ အကောင်းဆုံး အသီးအနှံကတော့ ဖရဲသီးပါပဲ။ ဖရဲသီးဟာ ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အပြင် ဗီတာမင် C ၊ ဗီတာမင် A နဲ့ ဗီတာမင် B1 ကဲ့သို့ အာဟာရဓာတ်များစွာလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရဲသီး စားပေးခြင်းဖြင့် အသားအရေ မညီမညာခြင်းနဲ့ ယို့ယွင်းပျက်စီးတွေကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို လျော့ကျပေးကာ အသားအရေကို ကြည်လင်ဝင်းမွတ်နေစေမှာ ဖြစ်ပါတယ်။
(၄) သရက်သီး
Photo : Eat This, Not That
သရက်သီးဟာ အသီးတွေရဲ့ ဘုရင်လို့ ခေါ်ရလောက်တဲ့အထိ အရသာရှိရုံမက အသားအရေ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အသီးအနှံ တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် A ၊ ဗီတာမင် E ၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့အပြင် အသားအရေကို ကျန်းမာပြီး သဘာဝအတိုင်း Glow နေစေမယ့် Flavonoids ၊ Polyphenolics ၊ Beta-carotene နဲ့ Xanthophylls ဓာတ်များလည်း ပါရှိပါတယ်။ သရက်သီးဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးရုံမက ဝက်ခြံများကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
(၅) သခွားသီး
Photo : SNAP-Ed Connection – USDA
သခွားသီးဟာ ကွီးတို့ရဲ့အသားအရေကို အစိုဓာတ် မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ သခွားသီးမှာ အသားအရေ ကြည်လင်ဝင်းမွတ်လာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် K ဓာတ်များ အမြောက်အများ ပါဝင်ပါတယ်။ သခွားသီးကို အစားအစာတစ်ခုအနေနဲ့ စားလို့ရသလို အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ သဘာဝပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
Featured Photo : Cosmopolitan