ကိုယ်ပိုင်လုပ်ငန်း တစ်ခု စတင်ဖို့ အိုင်ဒီယာကောင်းကောင်းတစ်ခု ရှိရုံနဲ့ လုံလောက်ပြီလို့ မပြောနိုင်ပါဘူး။ လုပ်ငန်းလည်ပတ်ဖို့ အရင်းအနှီးငွေ ၊ လစဉ်အသုံးစရိတ် ၊ ဝန်ထမ်းစရိတ် ၊ ထွေလီကာလီ စရိတ်တွေအားလုံးကို ထည့်စဉ်းစားရတော့မှာပါ။ လုပ်ငန်းတစ်ခု ထူထောင်တယ်ဆိုတာ အရင်းအနှီးများသလို နည်းစနစ်တကျ ကောင်းကောင်း မထိန်းသိမ်းနိုင်ရင် ဆုံးရှုံးမှုလည်း များနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ အရင်းနှီးနည်းနည်းနဲ့ လုပ်ငန်းတစ်ခု စလို့ရော မရနိုင်ဘူးလား မေးစရာရှိပါတယ်။ အဖြေကတော့ Yes ပါ။ ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို အရင်းအနှီး နည်းနည်းစချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် အကောင်းဆုံး Business Idea ၅ ခုကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ်ပိုင်ဖန်တီးမှု လက်မှုအနုပညာ လုပ်ငန်း
Photo : iStock
ပထမဆုံး Business Idea တစ်ခုကတော့ ကိုယ်ပိုင်ဖန်တီးမှု လက်မှုအနုပညာ လုပ်ငန်းနဲ့ ငွေရှာလို့ ရနိုင်ပါတယ်။ လူတိုင်းမှာ တစ်ကိုယ်ရည် ကျွမ်းကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ကြတယ် မဟုတ်လား။ သင်က ပန်းချီပညာကို ဝါသနာထုံသူတစ်ယောက်ဆိုရင် ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားချပ်လေးတွေကို အွန်လိုင်းပေါ်ကနေ ရောင်းချတာ ၊ စွန့်ပစ် ပစ္စည်းတွေနဲ့ Handmade အသုံးအဆောင်တွေ ဖန်တီးပြီး ရောင်းကုန်တစ်ခုအဖြစ် ရောင်းချတာ စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်ပါတယ်။ အွန်လိုင်းအသုံးပြုမှု ထွန်းကားလာတဲ့ခေတ်ကြီးမှာ သင့်ရဲ့ ကိုယ်ပိုင် လက်မှုအနုပညာပစ္စည်းတွေ ကို Facebook ပေါ်မှာ Page ထောင်ပြီးရောင်းချခြင်းဖြင့် လုပ်ငန်းတစ်ခု အစပြုလို့ ရနိုင်ပါတယ်။
(၂) အိမ်တွင်းဝန်ဆောင်မှု လုပ်ငန်း
Photo : iStock
အိမ်တွင်းဝန်ဆောင်မှု လုပ်ငန်းဟာ နိုင်ငံရပ်ခြားမှာတော့ သိပ်ကို ရေပန်းစားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ သိပ်မထွန်းကားသေးတဲ့ လုပ်ငန်းတစ်ခုလို့ ပြောရမှာဖြစ်ပြီး ဒီလုပ်ငန်းက အဓိကအားဖြင့် လူထုကို အခြေပြုတဲ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ရုံးခန်းနဲ့ ရုံးလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းရယ်လို့ ဘာတစ်ခုမှ မလိုအပ်ပဲ လူကိုယ်တိုင် အချိန်ပိုင်း ဝန်ဆောင်မှု ပေးရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကလေးထိန်း ဝန်ဆောင်မှု ၊ ခွေးလေးတွေနဲ့ လမ်းလျှောက်ခြင်း သို့မဟုတ် အိမ်မွေးတိရစ္ဆာန်လေးတွေ ကြည့်ရှု့စောင့်ရှောက်ပေးရတဲ့ ဝန်ဆောင်မှု ၊ အိမ်တွင်း သန့်ရှင်းရေးနဲ့ သက်ကြီးရွယ်အိုများ စောင့်ရှောင်ပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေကို အချိန်ပိုင်း လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုအမျိုးအစား ၊ အချိန်ပေါ်မူတည်ပြီး နာရီအလိုက် ပိုက်ဆံရနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
(၃) အွန်လိုင်း Resale လုပ်ငန်း
Photo : iStock
သက်ရှိလူသားတွေရှိနေသ၍ အရောင်းအဝယ်ဆိုတာ ဘယ်တော့မှ တိမ်ကောသွားမှာမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အွန်လိုင်း Resale လုပ်ငန်း ဆိုတာကတော့ သင့်အနေနဲ့ ငွေအရင်းအနှီးအများကြီး စိုက်ထုတ်ပြီး ပြန်လည်ရောင်းချရတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ သစ္စာရှိမှုကို အရင်းတည်ပြီး စက်ရုံတွေ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ပြီး အေးဂျင့်တစ်ယောက်လို အွန်လိုင်းပေါ်ကနေ အရောင်းအဝယ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက ကုမ္ပဏီဝန်ထမ်းအလုပ်မဟုတ်ပဲ ကိုယ်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ငွေရှာနိုင်မယ့် လုပ်ငန်းကောင်းတစ်ခု ဖြစ်ပါတယ်။
(၄) Content ဖန်တီး ရေးသားခြင်း လုပ်ငန်း
Photo : iStock
စာဖတ်စာရေး ဝါသနာပါပြီး လူတွေစိတ်ဝင်စားမယ့် Content အကြောင်းအရာမျိုး ဖန်တီး ရေးသားရတာ နှစ်သက်သူတွေ လုပ်ကိုင်နိုင်မယ့် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က အသေးစားစီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး လုပ်ငန်းနဲ့ ကိုက်ညီမှုရှိတဲ့ လူစိတ်ဝင်စားစေမယ့် ကြော်ငြာစာတွေ ၊ ဆောင်းပါးတွေကို ဖန်တီးရေးသားခြင်းဖြင့် ဝင်ငွေ ရရှိနိုင်ပါတယ်။ လက်ပ်တော့ တစ်လုံးရှိရုံနဲ့ လုပ်ကိုင်နိုင်သလို အိမ်ကနေပဲ လွတ်လပ်ပေါ့ပါးစွာ စိတ်ဝင်စားဖို့ကောင်းတဲ့ Content အကြောင်းအရာတွေ ဖန်တီးလို့ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
(၅) အတိုင်ပင်ခံ လုပ်ငန်း
Photo : iStock
သင်ဟာ လုပ်ငန်းနယ်ပယ်တစ်ခုမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ကျွမ်းကျင်တဲ့ သူတစ်ယောက်ဆိုရင် ကိုယ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများ အသုံးချကာ အလားတူ အလုပ်မျိုးမှာ ပြင်ပအတိုင်ပင်ခံအဖြစ် ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းမျိုး လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းအကြံပေးခြင်းဆိုင်ရာ အလွတ်တန်း အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နိုင်သလို ကိုယ်ပိုင် လုပ်ငန်းတစ်ခုထောင်ပြီးလည်း ကုမ္ပဏီတွေနဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေအတွက် လုပ်ငန်းဆိုင်ရာ အကြံပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းဖြင့် ဝင်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Insights – Alerian