အိပ်ရာ ဆိုတာ သန့်ရှင်းမှုမရှိရင် အိမ်ထဲကအညစ်ပတ်ဆုံး နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အိပ်ရာက ညစ်ပတ်နေမယ်ဆိုရင် ယားယံတာ ၊ ဓာတ်မတည့်တာတွေဖြစ်ပြီး အိပ်စက်မှုပုံစံကိုလည်း အနှောင့်အယှက် ပေးနိုင်ပါတယ်။ အိပ်ရာ/မွေ့ယာ တွေကို သန့်ရှင်းအောင် ထားတာက မွေ့ယာရဲ့ သက်တမ်းကို ရှည်စေရုံသာမက အိမ်အတွင်း လေထုအရည်အသွေးကို ပိုမိုကောင်းမွန်အောင် ကူညီပေးသလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နောက်ထပ် အိပ်ရာတွေကို ဘာကြောင့် သန့်ရှင်းရေး လုပ်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
(၁) လေထုအရည်အသွေးကို မြှင့်တင်ပေးတယ်

Photo : Rent.com.au
ညစ်ပတ်နေတဲ့ မွေ့ယာဟာ အခန်းတွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တွေထဲက တစ်ခုဖြစ်ပါတယ်။ အိပ်ရာ ပေါ်မှာရှိတဲ့ ချွေး၊ ဖုန်မှုန့်၊ အဆီနဲ့ ဆဲလ်အသေတွေက ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေနိုင်ပါတယ်။ အိပ်တဲ့အခါ အခန်းတွင်း လေထုမကောင်းသလို ညစ်ပတ်နေတဲ့ မွေ့ရာပေါ်က ရှိသမျှကို ရှူရှိက်မိနေပါလိမ့်မယ်။ ကိုယ်အိပ်တဲ့ မွေ့ယာကို သန့်ရှင်းခြင်းရဲ့ အဓိကအကျိုးကျေးဇူးက အခန်းတွင်း လေထုအရည်အသွေးကို ချက်ချင်းမြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။
(၂) ဓာတ်မတည့်ခြင်းနဲ့ ယားယံခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

Photo : The Home Depot
ညဘက်တွေမှာ မကြာခဏ ယားယံတာ ဒါမှမဟုတ် နှာခေါင်းထဲမှာ တစ်ခုခုရှိသလိုဖြစ်နေတာတွေက ကောင်းကောင်းအိပ်နိုင်ပျော်ဖို့ ခက်ခဲစေပါတယ်။ ဖုန်မှုန့်နဲ့ မှိုတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သလို မွေ့ယာအသုံးပြုတဲ့အခါမှာလည်း ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်တဲ့မွေ့ယာကို သန့်ရှင်းရေးလုပ်ပေးတဲ့အခါ ဓာတ်မတည့်ခြင်းနဲ့ ယားယံခြင်း ဖြစ်နိုင်ခြေကိုလျှော့ချပေးပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားလိုက်တဲ့အတွက် တချို့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) မွေ့ယာသက်တမ်းကို တာရှည်ခံစေတယ်

Photo : Puffy Mattress
ကိုယ်ဝယ်ထားတဲ့ မွေ့ယာကို နှစ်ကြာကြာခံအောင်သုံးနိုင်ဖိုဆိုရင် သန့်ရှင်းရေးလုပ်ဖို့ က အရေးကြီးပါတယ်။ သေချာသန့်စင်ထားမယ်ဆိုရင် မွေ့ယာအပေါ်အဖုံးနဲ့ အတွင်းခံအဝတ်တွေကြားမှာ စိုစွတ်မှုလျော့နည်း သွားမှာဖြစ်ပါတယ်။ စုတ်ပြဲနေတဲ့နေရာထဲကနေ ဂွမ်းတွေနဲ့ အတွင်းစပရိန်တွေပေါ်နေမယ် ဆိုရင် ပျက်စီးနိုင်ခြေပိုများပြီး မွေ့ယာသက်တမ်းကိုလည်း ပိုပြီးတော့ မြန်မြန်ကုန်ဆုံးစေနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ မွေ့ယာ သက်တမ်းကို ကြာရှည်ခံအောင်ထားမယ်ဆိုရင် မကြာခဏ သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။
(၄) မှိုနဲ့ ဘက်တီးရီးယား ပေါက်ပွားမှုကို ကာကွယ်ပေးတယ်
Photo : Simply Maid
တကယ်လို့ ကိုယ့်အိပ်တဲ့ အိပ်ရာ အနီးတဝိုက်မှာ ဖုန်မှုန့်တစ်သန်းလောက်လွင့်နေမယ်ဆိုရင် မမြင်ရဘူးဆိုရင်တောင် ချွေးနဲ့ရောပြီးတော့ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေဖြစ်လာမှာ သေချာပါတယ်။ ဒါက ခုနကပြောခဲ့သလို ဖုန်မှုန့်တွေပိုကပ်ပြီးတော့ ခန္ဓာကိုယ်အရေပြားကို ထိခိုက်ပျက်စီးစေမှာပါ။ ဒါ့ကြောင့် အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် ဘက်တီးရီးယားပေါက်ပွားမှုကို ထိန်းချုပ်ပေးပြီးတော့ တခြားအရေပြားရောဂါတွေဖြစ်မှာကိုလည်း ကာကွယ်ရာရောက်ပါတယ်။
Featured Photo : The Spruce

