ချစ်သူသက်တမ်း ၊ အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ အိပ်ရာဝင်ချိန်တွေဟာ အရင်လို မလတ်ဆတ်တော့ဘူးလို့ ပြောကြပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ မိသားစုတာဝန်တွေ ၊ အလုပ်ခွင် ဖိအားတွေကြားမှာ ရုန်းကန်လှုပ်ရှားရင်း အိပ်ရာဝင်ချိန်တွေဟာလည်း ပိုမိုအသက်မဲ့လာပါတယ်။ ဒီအခြေအနေကနေ ပြောင်းလဲပြီး ကြင်စဦးဇနီးမောင်နှံတွေလို လတ်ဆတ်တဲ့ ရင်ခုန်ခြင်းသံစဉ်တွေ ပြန်ရစေဖို့ ၊ အိပ်ရာဝင်ချိန်တိုင်းမှာ စွဲမက်စရာ အမှတ်တရတွေ ထင်ကျန်ရစ်စေဖို့ ကွီးတို့ အတွက် အကြံကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ရေအတူတူချိုးပါ
Photo : Freepik
အိပ်ရာမဝင်ခင် သင်နဲ့သင်ပါတနာ အတူတူရေချိုးတာဟာ ရင်ခုန်ပျော်ရွှင်ဖွယ် အချိန်အခါကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။ နှစ်ဦးသားရဲ့ စိတ်ဖိစီးမှုနဲ့ မွန်းကြပ်ဖွယ် ဖိအားတွေကို ပြေလျော့သက်သာစေပြီး စိတ်အပန်းပြေမှုနဲ့ အာရုံခံစားမှုတွေကို ပိုကောင်းစေမှာ ဖြစ်ပါတယ်။ သင်းပျံ့တဲ့ မွှေးရနံ့ပါတဲ့ ရေချိုးဂျယ်တွေနဲ့အတူ ရေနွေးနွေးကို အသုံးပြုနိုင်ပါတယ်။
(၂) အမှတ်တရတွေအကြောင်းပြောပါ
Photo : Freepik
အမှတ်တရတွေဆိုတာ မပြောင်းလဲပဲ တည်ရှိနေတဲ့အရာတွေ ဆိုပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ အနယ်ထိုင်သွားသလို ဖြစ်တက်ပါတယ်။ ဒါကြောင့် အမှတ်တရတွေကို ပြန်လည်နှိုးဆွပေးဖို့ ကွီးတို့မှာ တာဝန်ရှိပါတယ်။ အိပ်ရာဝင်ချိန်မှာ စိတ်အနှောက်ယှက်ဖြစ်စေမယ့် စကားတွေ ၊ မိသားစုတာဝန်ဖိအားတွေ ၊ အလုပ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ခဏလောက်မေ့ထားပါ။ ချစ်သူနှစ်ဦးကြားက ရင်ခုန်ကြည်နူးစရာကောင်းတဲ့ အချိန်တွေကို ပြန်လည်တမ်းတ သတိရစေဖို့ အမှတ်တရတွေ ပြန်ပြောင်းပြောပြ သင့်ပါတယ်။
(၃) အထိအတွေ့တွေကို ဦးစားပေးပါ
Photo : Freepik
တစ်ယောက်နဲ့တစ်ယောက် ညင်သာနူးညံ့တဲ့ အထိအတွေ့တွေကို ပေးစွမ်းတာဟာ သိမ်မွေ့တဲ့စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေပြီး ရင်ခုန်သံတွေကို ပိုမြန်ဆန်လာစေပါတယ်။ သူမရဲ့ခြေချောင်း လက်ချောင်းလေးတွေနဲ့ လည်ပင်းတဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးတာ ၊ အရေပြားချင်း ထိတွေ့ပြီး ပွတ်သပ်ချော့မြူတာ ၊ ကြင်နာတဲ့ အနမ်းလေးတွေ ခြွေတာ စတဲ့ အထိအတွေ့တွေကို လုပ်ဆောင်ပေးတာဟာ နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေနဲ့ ရင်ခုန်သံတွေကို အမြင့်ဆုံးထိ မြင့်တင်ပေးနိုင်ပါတယ်။
(၄) အစီအစဉ်ဆွဲပါ
Photo : Freepik
အိပ်ရာဝင်ချိန်တွေမှာ ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်ကို ခံစားရစေဖို့ ကောင်းမွန်တဲ့ အစီအစဉ်ချမှုလည်း ရှိရပါမယ်။ ဥပမာအားဖြင့် ပန်းလေးတွေနဲ့ အိပ်ရာကို အလှဆင်တာ ၊ ဝိုင်ခွက်လေးတွေ စီစဉ်ထားတာ ၊ ဂီတသံစဉ်လေးတွေ ဖွင့်ထားတာ ၊ အမွှေးရနံ့ ဖယောင်းတိုင်လေးတွေ ထွန်းညှိထားတာ စတဲ့ ရင်ခုန်စရာကောင်းတဲ့ သီးသန့်နေရာလေးတစ်ခု ဖြစ်စေဖို့ ကြိုတင် ပလန်ချထားမယ်ဆိုရင် နှစ်ဦးသားရဲ့ ခံစားမှုတွေဟာ လတ်ဆတ်ပြီး ရင်ခုန်သံတွေ မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။
Featured Photo : Freepik