ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက လှပပြီး ထူးခြားဆန်းပြားတဲ့ နေရာများနဲ့ ပြည့်နှက်နေပါတယ်။ ရှုပ်ထွေးလှသော ပထဝီဝင်အနေအထားများ၊ မတူကွဲပြားသော ရာသီဥတုအခြေအနေများနှင့် ကမ္ဘာမြေကြီးရဲ့ သဘာဝထူးခြားချက်များက ကျွန်ုပ်တို့အား အမြဲအံ့အားသင့်အောင် ပြုလုပ်နိုင်ပါတယ်။ ကောင်းကင်ကနေ မြေကြီးနဲ့ သမုဒ္ဒရာကမ်းခြေတွေအထိ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေက ကျွန်တော်တို့ အာရုံကို ညို့ယူဖမ်းစားနိုင်မှာ အသေအချာပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ကမ္ဘာမြေပေါ်က အိမ်မက်အလား အထင်မှားလောက်အောင် လှပပြီး ဆန်းပြားထူးခြား တဲ့ နေရာများကို ဖော်ပြပေးချင်ပါတယ်။
(၁) Door To Hell

Photo : flytrippers
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ နေရာကတော့ Turkmenistan နိုင်ငံမှာ တည်ရှိတဲ့ Door To Hell လို့ ခေါ်တဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာက ၁၉၇၁ ခုနှစ်တွင် ပြိုကျခဲ့သော သဘာဝဓာတ်ငွေ့တွင်းဖြစ်ပါတယ်။ မီသိန်းဓာတ်ငွေ့ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဘူမိဗေဒပညာရှင်များက ၎င်းကို မီးစတင်ရှို့ခဲ့ရာမှ ယနေ့ထိ မီးဆက်တိုက်လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။ ၎င်းကို တောက်လောင်နေသော မီးများနဲ့ မြင်ကွင်းကြောင့် Door To Hell သို့မဟုတ် Gates of Hell (ငရဲတံခါးဝ) လို့လည်း လူသိများပါတယ်။
(၂) Eternal Flame Falls

Photo : Wikipedia
နောက်ထပ်ဖော်ပြပေးချင်တဲ့ နေရာတစ်ခုကတော့ New York ရှိ၊ Orchard Park မှာရှိတဲ့ ရေတံခွန်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီရေတံခွန်ငယ်ရဲ့ အောက်ခြေမှာရှိတဲ့ လှိုဏ်ဂူငယ်မှာ မီးတောက်ငယ်တစ်ခု ထွန်းညှိနိုင်လောက်တဲ့ သဘာဝထွက်ငွေ့များ ထုတ်လွှတ်နေပါတယ်။ ထိုနေရာမှာ မီးညှိပြီးသည်နဲ့ မငြိမ်းသက်ပဲထားပါက တစ်နှစ်အထိ အဆက်မပြတ် မီးတောက်လောင်နေနိုင်တယ်လို့ ဆိုပါတယ်။ သဘာဝတရားကြီးက အမှန်တကယ်ပင် ဆန်းကြယ်တယ်လွန်းတယ် မဟုတ်ပါလား။
(၃) Antelope Canyon

Photo : Parked In Paradise
Antelope Canyon ကတော့ အရီဇိုးနားပြည်နယ်၊ Lechee ရဲ့အရှေ့ဘက် Navajo ကုန်းပေါ်၊ အမေရိကန်အနောက်တောင်ပိုင်းရှိ အထိုင်ချောက်တစ်ခုဖြစ်သည်။ လျှပ်တပြက်ရေလျှံမှုနှင့် ရေအောက် ဖြစ်စဉ်များနဲ့ Navajo သဲကျောက်များ တိုက်စားမှုကြောင့် အထိုင်ချောက် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ လှပပြီး ဆန်းပြားတဲ့ အသွင်သဏ္ဍန်ကြောင့် ခရီးသွားများအကြား ရေပန်းစားပါတယ်။ ဒီနေရာက တစ်သတ်မှာ တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင့်တာကြောင့် ကွီးတို့ ခရီးသွား စာရင်းထဲမှာ ထည့်ထားလိုက်ပါ။
(၄) Skaftafell

Photo : Skaftafell.com
Skaftafell ကတော့ အိုက်စလန်နိုင်ငံရဲ့ အရှေ့တောင်ဘက်ရှိ Vatnajökull အမျိုးသားဥယျာဉ်တွင် တည်ရှိသော သဘာဝဘေးမဲ့တောတစ်ခု ဖြစ်ပါတယ်။ Skaftafell ရှိ ရေခဲဂူများကို ဆောင်းရာသီမှာသာ တွေ့ရပြီး တကယ်ကို အိမ်မက်ကမ္ဘာကဲ့သို့ လှပတာကြောင့် သွားရောက်လည်ပတ်ဖြစ်ခဲ့ရင် နောင်တမရမှာတော့ အသေအချာပါပဲ။
(၅) Upper Kanarra Falls

Photo : Trip advisor
ကွီးတို့ကို နောက်ထပ်ဖော်ပြပေးချင်တဲ့ အိမ်မက်အလား ထင်မှတ်မှားစေတဲ့ လှပပြီး ဆန်းပြားထူးခြား တဲ့နေရာတစ်ခုကတော့ အမေရိကန်နိုင်ငံ၊ Utah မှာရှိတဲ့ Upper Kanarra Falls ပဲ ဖြစ်ပါတယ်။ ၎င်းက အကောက်အကွေ့များနဲ့ အရောင်အသွေးစုံလင်သော ချောက်ကြီး တစ်ခု ဖြစ်ပါတယ်။ ဒီချောက်ထဲမှာ မြေအောက်ရေ ဖြစ်စဉ်များကြောင့် စီးဆင်းနေသော ရေများနဲ့ လှပသော ရေတံခွန်များကို ဖြစ်ပေါ်လာပြီး တကယ်ကို ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ရှုစားရမှာပါ။
ကွီးတို့ရေ အိမ်မက်ကမ္ဘာထဲ ရောက်သွားသလို့ လှပတဲ့ နေရာလေးတွေကို ခရီးသွားရင်း ခြေဆန့်ချင်ရင် ဒီနေရာလေးတွေက ရွေးချယ်လို့ အကောင်းဆုံးပါပဲ။
Source : Travel Triangle
Featured Photo : Trip
