အိုမင်းရင့်ရော်ခြင်း ဆိုတာ ရှောင်လွဲလို့မရတာ အမှန်ပါ။ အသက်အရွယ်အရ ပြောင်းလဲလာတဲ့ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို ရပ်တန့်ပစ်ဖို့ ဒါမှမဟုတ် နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်ပေမယ့် တက်နိုင်သမျှ အိုမင်းရင့်ရော်ခြင်းတွေကို ဆန့်ကျင်တားဆီးလို့တော့ ရနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အသက်ကြီးလာတာနဲ့အမျှ အရေပြားပေါ်မှာ သေးငယ်တဲ့ အစက်အပြောက်တွေ ၊ အရေးအကြောင်းတွေ ပေါ်လာပြီး အိုမင်းရင့်ရော်တဲ့ ပုံပန်းအသွင်အပြင်ကို ဖြစ်စေပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီလို အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို တားဆီးပေးနိုင်မယ့် သဘာဝနည်းလမ်းတချို့ ရှိနေပါတယ်။ ကွီးတို့ အိမ်မှာရှိတဲ့ အိမ်သုံးပစ္စည်း ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်တားဆီးနိုင်မယ့် သဘာဝနည်းလမ်းတချို့ကို ဒီဆောင်းပါးလေးကနေ တဆင့်ပြောပြပေးပါမယ်။
(၁) ပျားရည်
Photo : Healthline
ပျားရည်ဟာ သဘာဝ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ပျားရည်မှာပါဝင်တဲ့ Antioxidants တွေက Free Radicals တွေကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး နုပျိုလန်းဆန်းစေပါတယ်။ အသားအရေကို အစိုဓာတ်ပြည့်ပြည့်ဝဝ ဖြည့်တင်းပေးခြင်းဖြင့် အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ အသုံးပြုနည်းကတော့ Organic စစ်စစ် ပျားရည် စားပွဲတင်ဇွန်း ၁ – ၂ ဇွန်းခန့်ကို မျက်နှာနဲ့လည်ပင် အရေးပြားပေါ် လိမ်းပြီး မိနစ်အနည်းငယ် ညင်သာစွာနှိပ်နယ်ပေးပါ။ ၁၅ – ၂၀ မိနစ်လောက် ထားပြီးရင် ရေဆေးချလိုက်လို့ ရပါပြီ။ အိုမင်းရင့်ရော်ခြင်း တွေ နှေးကွေးပြီး နုပျိုလန်းဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
(၂) ကြက်ဥအကာ
Photo : Foods Guy
ကြက်ဥအကာမှာ အိုမီဂါ-၃ ဖက်တီအက်ဆစ် ၊ ပရိုတင်းနဲ့ ဇင့်တို့လို အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို ဆန့်ကျင်တဲ့ဓာတ်တွေ ပါဝင်ပါတယ်။ ကြက်ဥဟာ အလှအပရေးရာနဲ့ ပတ်သတ်ပြီး အသားအရေကို တင်းတင်းရင်းရင်းနဲ့ နူးညံ့ချောမွေ့စေတယ်လို့ လူသိများပါတယ်။ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးခြင်းဖြင့် အသားအရေ ကြမ်းတမ်းပျက်စီးခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ကြက်ဥအကာကို သူ့ချည်းသပ်သပ် သုံးနိုင်သလို Milk Cream ၊ သံပယိုရည်တို့နဲ့ ရောစပ်ပြီးလည်း သဘာဝမျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုလို့ ရပါတယ်။ ကြက်ဥအကာကို မျက်နှာအရေပြားအနှံ့ လိမ်းကျံပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။
(၃) အုန်းနို့
Photo : Healthline
အုန်းနို့မှာ Antioxidant ဂုဏ်သတ္တိတွေ ပါရှိတဲ့အတွက် အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေဖြစ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို ကင်းဝေးအောင် ကူညီပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အုန်းနို့ကို ဂွမ်းစလေးနဲ့ တို့ပြီး မျက်နှာအရေပြားအနှံ့ လိုက်လံ လိမ်းကျံပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်လို့ ရပါပြီ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ – ၃ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
(၄) စတော်ဘယ်ရီသီး
Photo : Morgan Manages Mommyhood
စတော်ဘယ်ရီသီးမှာလည်း အိုမင်းရင့်ရော်ခြင်း ရဲ့ လက္ခဏာရပ် အမျိုးမျိုးကို တားဆီးကာကွယ်ရာမှာ အသုံးဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ စတော်ဘယ်ရီသီး ၃/၄ လုံးခန့်ကို ကြေညက်အောင် ကြိတ်ချေပြီး ရလာတဲ့ သဘာဝ စတော်ဘယ်ရီးသီးအနှစ်ကို မျက်နှာပေါ် လိမ်းကျံပေးရပါမယ်။ ၁၀ မိနစ်ကနေ ၁၂ မိနစ်ခန့် ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် အသားအရေကို သိသိသာသာ ကျန်းမာနုပျိုစေမှာ သေချာပါတယ်။
(၅) မုန်လာဥနီ + အာလူး
Photo : Cooking for my baby
မုန်လာဥနီဟာ ဗီတာမင် A ကြွယ်ဝတဲ့ အရင်းအမြစ်ဖြစ်ပြီး အရေပြားမှာရှိတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ ကော်လာဂျင်ဟာ အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် မျက်နှာအသားအရေကို နုပျိုတောက်ပစေပါတယ်။ အာလူးဟာလည်း အရေးအကြောင်းတွေကို လျော့ပါးစေပြီး အိုမင်းရင့်ရော်ခြင်း ကို ဆန့်ကျင်တဲ့ အစွမ်းထက် ပါဝင်ပစ္စည်းတစ်ခုဖြစ်ကြောင်း သက်သေ အထောက်အထားများစွာက ဖော်ပြထားပါတယ်။ အသုံးပြုနည်းကတော့ မုန်လာဥနီနဲ့ အာလူးကို အတုံးခပ်သေးသေးတုံးပြီး ၁၅ မိနစ်ခန့် ပြုတ်ပေးပါ။ ပြုတ်ထားတဲ့ မုန်လာဥနီနဲ့ အာလူးတွေကို အနှစ်ပုံစံ ရသည်အထိ ရောပြီးကျိတ်ချေ ပေးပါ။ ပြီးရင် နနွင်းနဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ် လိမ်းပြီး မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။ ရေခပ်နွေးနွေးကို အသုံးပြုပြီး မျက်နှာသစ်မယ်ဆိုရင် ပိုကောင်းပါတယ်။
အခု ပြောပြခဲ့တာကတော့ သဘာဝပစ္စည်းတွေနဲ့ပဲ အသားအရေကို ကျန်းမာနုပျိုအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်း အချို့ ဖြစ်ပါတယ်။ ကွီးတို့ အိမ်မှာပဲ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အသားအရေ နုပျိုအောင် ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
Featured Photo : The Manual