အောင်မြင်တဲ့ လုပ်ငန်းရှင် တိုင်းဟာ ပန်းခင်းလမ်းကို လျှောက်လှမ်းခဲ့ကြတာ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ကျော်ဖြတ်ရတဲ့ အဆင့်တွေ ၊ အခက်အခဲတွေ အများကြီးရှိပါတယ်။ အောင်မြင်မှုရဖို့ မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အချိန်တွေ ၊ ချွေးတွေ ၊ သွေးတွေ များစွာကို ရင်းနှီးမြုပ်နှံ့ ခဲ့ကြရတာပါ။ အောင်မြင်သူတိုင်းရဲ့ နောက်ခံဇာတ်ကြောင်းနဲ့ ကြိုးစားမှုတွေကတော့ အားလုံးထပ်တူ ကျချင်မှကျပါလိ့မ်မယ်။ ဒါပေမယ့် အောင်မြင်နေတဲ့ လုပ်ငန်းရှင် အများစုမှာတော့ အခုပြောပြမယ့် အချက်လေးတွေ ရှိကြပါတယ်။
(၁) ကျော်ဖြတ်နိုင်စွမ်းရှိတယ်
Photo : Forbes
အောင်မြင်တဲ့ စီးပွားရေး သမားတစ်ယောက်ဖြစ်ဖို့ဆိုရင် ထင်မှတ်မထားတဲ့ ပြဿနာတွေနဲ့ ကြုံလာသမျှဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ စွန့်စားရုန်းကန်ရမယ့် အရာတွေရှိသလို ပြဿနာနဲ့ စိန်ခေါ်မှုတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လောက်ပဲ စိန်ခေါ်မှုနဲ့ ကြုံကြုံ အဖြေတစ်ခုရအောင်ထုတ်နိုင်တယ် ၊ လက်မလျော့တမ်း ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိတယ်ဆိုရင် အောင်မြင်မှုဟာ သေချာပေါက် ရောက်လာမှာပါ။
(၂) ရေရှည်ရပ်တည်နိုင်ဖို့ နည်းလမ်းရှာတယ်
Photo : Entrepreneur
လုပ်ငန်းတစ်ခု အောင်မြင်လာရုံနဲ့ ပန်းတိုင်ရောက်ပြီး ပြောလို့မရပါဘူး။ နာမည်ရ အောင်မြင်ပြီးသား လုပ်ငန်းတစ်ခုပြိုလဲမသွားပဲ ကြာကြာရပ်တည်နိုင်ခြင်းသည်သာ စစ်မှန်တဲ့ အောင်မြင်ရာလို့ ပြောရမှာပါ။ ဒီလိုရေရှည်ရပ်တည်နိုင်ဖို့ စာအုပ်ကြီးအတိုင်းက အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အခြေအနေပေါ် အလိုက်အထိုက်ကြည့်ပြီး ချိန်ညှိပြောင်းလဲသင့်တာတွေကိုလည်း ပြောင်းလဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
(၃) စီမံခန့်ခွဲမှာ အားကောင်းတယ်
Photo : Inc. Magazine
အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်မှာ မရှိမဖြစ်တဲ့ အရည်အချင်းတစ်ခုက စီမံခန့်ခွဲမှု စွမ်းရည်ပါပဲ။ ကိုယ့်လုပ်ငန်းကို အားကောင်းမောင်းသန်မှုနဲ့ ရှေ့ဆက်သွားနိုင်အောင် အရာရာမှာ တိကျသေချာတဲ့ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ရပါမယ်။ စီမံခန့်ခွဲမှု Skill မြှင့်တင်ဖို့ ပြင်ပကလေ့လာသင်ယူမှုတွေ အမြဲမပြတ်လုပ်ဆောင်ရသလို ၊ လုပ်ရင်းကိုင်ရင်းနဲ့ တွေ့လာရတဲ့ အလွဲအမှားတွေကနေလည်း သင်ခန်းစာကောင်းတွေ ယူရပါတယ်။ လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်ပြီး စီမံခန့်ခွဲလုပ်ကိုင်နိုင်မှသာ ကိုယ့်လုပ်ငန်းက ပိုပြီးအမြင့်ကိုရောက်လာမှာ ဖြစ်ပါတယ်။
Featured Photo : Entrepreneur