စွန့်စားခန်းဖွင့်လိုတဲ့ ခရီးသွားချစ်သူတွေအတွက် ထူးခြားတဲ့ ရင်ခုန်ဖွယ်ရာ အတွေ့အကြုံအသစ်တွေကို ရနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကတော့ မိုးပျံပူဖောင်း စီးခြင်းပါပဲ။ မိုးပျံပူဖောင်းစီးတဲ့ အလေ့အထဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ စုကျော်လောက်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဝေဟင်ထက်ကနေ ကမ္ဘာကြီးရဲ့ အံ့ဖွယ်အလှတရားတွေ ၊ သာယာလှပတဲ့ ရှုခင်းတွေကို မတူညီတဲ့ ရှု့ထောင်ကနေ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝေဟင် ထက်ကနေ စွန့်စွန့်စားစားနဲ့ အမိုက်စား ရှုခင်းတွေကို မြင်တွေ့ခွင့်ရချင်တဲ့ ခရီးသွားချစ်သူတွေအတွက် ကမ္ဘာတဝှမ်းက မိုးပျံပူဖောင်းစီးလို့ရမယ့် အကောင်းဆုံး နေရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) Bagan
Photo : THE LOOP HK
မြန်မာမှာ ထူးထူးခြားခြား မိုးပျံပူဖောင်းစီးလို့ရတဲ့နေရာ ပုဂံပဲရှိပါတယ်။ တစ်ခေတ်တစ်ခါက ရွှေမြို့တော်လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ပုဂံဟာ ၉ ရာစုကနေ ၁၃ ရာစုအတွင်း ပထမမြန်မာအင်ပါယာရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ လက်ညိုးထိုးမလွဲတဲ့ ထောင်နဲ့ချီတဲ့ ဘုရားကျောင်းကန် ၊ စေတီပုထိုးတွေနဲ့ ပြည့်နှက်နေတဲ့ ရှေးခေတ်အမွေအနှစ်လက်ကျန် ပုဂံရဲ့အလှတရားကို မိုးပျံပူဖောင်းစီးပြီး ဝေဟင်ထက်ကနေ ကြည့်ရတဲ့ ခံစားချက်က ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ ပုဂံမှာ နိုဝင်ဘာလကနေ မတ်လအတွင်း မိုးပျံပူဖောင်းစီးဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
(၂) Luxor
Photo : Holiday Tours
Luxor ဟာ အီဂျစ်နိုင်ငံတောင်ပိုင်း နိုင်းမြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိတဲ့ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပါတယ်။ နှစ်လေးထောင်ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော် Thebes ရဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိပြီး Luxor ကို ကမ္ဘာ့အကြီးကျယ်ဆုံး လေဟာပြင် ပြတိုက်ကြီးအဖြစ် သတ်မှတ်ထားပါတယ်။ Luxor ရဲ့ ကောင်းကင်ယံကနေ မိုးပျံပူဖောင်းစီးခြင်းဖြင့် ရှေးဟောင်းဘုရားကျောင်းတွေ ၊ ဧရာမကျောက်ရုပ်ထုကြီးတွေနဲ့ ရှေးဟောင်းသုတေသန နေရာတွေကို မြင်တွေ့ကြည့်ရှုနိုင်ဖြစ်ပြီး ၂ နာရီကြာ ပျံသန်းမှုခရီးစဉ်အတွင်း သမိုင်းဝင်နေရာတွေနဲ့ ရှေးခေတ် အထိမ်းအမှတ်နေရာများစွာကို လှည့်ပတ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၃) Angkor
Photo : Area Cambodia
ဝေဟင်ထက်ကနေ အလှဆုံးမြင်ကွင်းတွေကို မိုးပျံပူဖောင်းစီးရင်း မြင်တွေ့နိုင်မယ့် နောက်ထပ် နေရာတစ်ခုကတော့ ကမ္ဘောဒီးယားနိုင်ငံက Angkor Archaeological Park ဖြစ်ပါတယ်။ ဒီနေရာဟာ ကမ္ဘာပေါ်က အကြီးဆုံး ဘာသာရေး အထိမ်းအမှတ် အဆောက်အအုံဖြစ်တဲ့ Angkor Wat ဘုရားကျောင်း တည်ရှိရာနေရာ ဖြစ်ပါတယ်။ ၁၂ ရာစု အစောပိုင်းကတည်းက တည်ဆောက်ခဲ့တဲ့ Angkor Wat ဘုရားကျောင်းဟာ ဂန္ထဝင်ခမာဗိသုကာလက်ရာတွေကို လေ့လာနိုင်မယ့် အထင်ကရ အထိမ်းအမှတ်နေရာတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားရဲ့ အကျော်ကြားဆုံး ခရီးသွားတွေအတွက် ဆွဲဆောင်ရာနေရာ ဖြစ်ပါတယ်။ Angkor မှာ မိုးပျံပူဖောင်းစီးမယ့် ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံမှုပိုရှိစေဖို့ မိုးပျံပူဖောင်းတွေကို ကေဘယ်ကြိုးတွေနဲ့ ချိတ်ဆက်ပေးထားပါတယ်။
(၄) Albuquerque
Photo : ABQ Pediatric Dentistry
Albuquerque ကိုတော့ ကမ္ဘာပေါ်က မိုးပျံပူဖောင်း ဝါသနာရှင်တွေ ဆုံဆည်းရာနေရာလို့ လူသိများပါတယ်။ နယူးမက္ကဆီရဲ့ အကြီးဆုံး မြို့ကြီးတစ်မြို့ဖြစ်တဲ့ Albuquerque မှာ နှစ်စဉ် ပျော်ပွဲရွှင်ပွဲတွေ ၊ ဖျော်ဖြေပွဲတွေနဲ့အတူ ရာနဲ့ချီတဲ့ မိုးပျံပူဖောင်း လွှတ်တင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဒီပွဲတော်ကြီးကို လာရောက်လည်ပတ်သူတွေ ၊ မိုးပျံပူဖောင်းလိုက်ပါစီးနင်းပြီး ဝေဟင်ထက်ကနေ အနောက်အလယ်ပိုင်းရဲ့ ရင်သပ်ရှုမောဖွယ်အလှတရားတွေကို လာရောက်ကြည့်ရှုသူတွေ ထောင်သောင်းချီ ရှိပါတယ်။ Albuquerque မှာ မိုးပျံပူဖောင်းစီးနင်းတဲ့ ပွဲတော်ကြီးကို အောက်တိုဘာလတိုင်း ခြိမ့်ခြိမ့်သဲကျင်းပ လျက်ရှိပါတယ်။
Featured Photo : Anna Sherchand