ဦးနှောက် စားရတာမျိုး မကြိုက်ဘူးဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အာရုံကြော ကျန်းမာရေးအကြောင်း သိကောင်းစရာများကို ဖော်ပြပေးချင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဦးနှောက် နှင့် အာရုံကြော ကျန်းမာရေးသည် အသက်အရွယ်ပေါ်လိုက်ပြီး ပြောင်းလဲမှုများ ဖြစ်တည်လာပါတယ်။ ငယ်ရွယ်စဥ်အခါတုန်းက ဦးနှောက် ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်နေပြီး အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ မှတ်ဥာဏ် ချို့ယွင်းခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါများ ဖြစ်ပွားခြင်းတို့ကို ခံစားရတတ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဦးနှောက် နဲ့ အာရုံကြော ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ပြီး မှတ်ဥာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို သေသေချာချာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက ဦးနှောက် နှင့် အာရုံကြော ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ မြောက်များစွာသော လေ့လာချက်များအရ ကိုယ်လက်လှုပ်ရှားမှုရှိသော သူတစ်ယောက်သည် အသက်အရွယ် ကြီးရင့်လာတဲ့အခါ မှတ်ဥာဏ်ချို့ယွင်းခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားခြင်းတို့မှ ကင်းဝေးတယ်လို့ သိရှိရပါတယ်။ ထိုအကျိုးကျေးဇူးကို ရရှိချင်တယ်ဆိုရင်တော့ တစ်ပတ်လျှင် မိနစ် ၃၀ မှ မိနစ် ၆၀အထိ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
အိပ်ရေးဝဝ အိပ်စက်ပါ
အိပ်စက်ခြင်းသည် ဦးနှောက်ကျန်းမာရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍထဲမှာ ပါဝင်ပါတယ်။ အချို့သော သီအိုရီများအရ အိပ်စက်အနားယူခြင်းသည် ဦးနှောက်တွင်းရှိ မူမမှန်တဲ့ ပရိုတင်းများကို ဖယ်ရှားပေးပြီး မှတ်ဥာဏ်များကို ပိုမိုကောင်းမွန်လာစေကာ ဦးနှောက် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဒါ့ကြောင့် တစ်ညလျှင် ၇ နာရီမှ ၈ နာရီအထိ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်ရေးပျက်ညများ များပြားလာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဦးနှောက် ကျန်းမာရေးကို ထိခိုက်လာမှာပဲဖြစ်ပါတယ်။
ဦးနှောက်အတွက် လေ့ကျင့်ရေး ဆင်းပါ
ကွီးတို့ရဲ့ ဦးနှောက်သည် ကြွက်သားတစ်ခုနှင့် အလားသဏ္ဍာန် တူပါတယ်။ အသုံးချရင် အသုံးချပါ။ နို့မဟုတ်ရင်တော့ ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဦးနှောက်ကို အသုံးချလို့ရမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ထိုနည်းလမ်းများကတော့ ပဟေဠိများ ဆော့ကစားခြင်း၊ ကတ်ဂိတ်များ ကစားခြင်း၊ စာဖတ်ခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။ တီဗွီ အလွန်အကျွံ ကြည့်ခြင်း၊ ဖုန်းအလွန်အကျွံ သုံးခြင်းတို့ကိုလည်း ရှောင်ကြဥ်သင့်ပြီး ဦးနှောက်ကို အလုပ်များများ ပေးထားဖို့ လိုအပ်ပါတယ်။
မိမိကိုယ်ကို ပိတ်လှောင်ထားခြင်းမျိုးမှ ရှောင်ကြဥ်ပါ
တစ်ယောက်တည်းပဲ အထီးကျန်ဆန်ဆန် နေထိုင်ခြင်းသည် ကွီးတို့ကို စိတ်ဖိစီးမှုများစေပြီး နောက်ဆုံးမှာ စိတ်ကျန်းမာရေးကို ထိခုက်စေပါတယ်။ ဒီလိုနဲ့ပဲ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်းကျဆင်းလာပြီး မှတ်ဥာဏ်များ ကျဆင်းကာ အသက်အရွယ်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမား ရောဂါကို ခံစားရလာနိုင်ပါတယ်။
ကွီးတို့အနေနဲ့ ထိုအခြေအနေမျိုးမှ ကာကွယ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြခဲ့တဲ့ အချက်များကို သေသေချာချာ ကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။
Source: Mayoclinichealthsystem
Featured Image: Freepik