ခန္ဓာကိုယ်ကို အချိန်တိုအတွင်း သိသိသာသာ ပြောင်းလဲဖို့ဆိုတာ တကယ်တော့ ထင်တာထက် ပိုခက်ပါတယ်။ ဒါပေမယ့်လည်း မဖြစ်နိုင်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ ၊ ဟော်မုန်းအပြောင်းအလဲ ၊ စားသောက်နေထိုင်မှုပုံစံ ၊ လေ့ကျင့်ခန်းအစီအစဉ်တွေ အပေါ်မူတည်ပြီး ရလဒ်တွေလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အချိန် ၄ ပတ်အတွင်းမှာ ကိုယ်အလေးချိန်လျော့ချပြီး ဘော်ဒီကိုအမိုက်စားဖြစ်အောင် ပြောင်းလဲဖို့ ကွီးတို့လိုက်နာရမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးပါမယ်။

(၁) ကယ်လိုရီလျော့စားပါ

Photo : whatYOUeat.ca

လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် တစ်နေ့စားသုံးတဲ့ ကယ်လိုရီပမာဏက လိုတာထက်ပိုများနေရင် ကိုယ်အလေးချိန် မကျနိုင်ပါဘူး။ ကယ်လိုရီစားသုံးမှုနဲ့ လေ့ကျင့်ခန်းဟာ မျှခြေမှာရှိနေမှာသာလျှင် လျင်မြန်ထိရောက်စွာ ကိုယ်အလေးချိန်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့တစ်ရက်တာအတွင်း စားသုံးတဲ့ ကယ်လိုရီပမာဏကို လျော့ချခြင်းဖြင့် ရလဒ်သိသိသာသာ တိုးတက်စေမှာ ဖြစ်ပါတယ်။

(၂) အလေးမပါ

Photo : Men’s Health

အလေးမခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို အားကောင်းစေပြီး ကြွက်သားတည်ဆောက်ရာမှာလည်း အထောက်အကူ ပြုပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့အတွက်ဆိုရင် အလေးမ အားကစားနည်း ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့အပြင် ခန္ဓာကိုယ်ဘော်ဒီရှိတ်ကို အချိုးကျကျ ပြောင်းလဲလာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) စနစ်တကျစားပါ

Photo : BetterMe

အစားအသောက်စားတဲ့အခါ စနစ်တကျရှိဖို့က အရမ်းအရေးကြီးပါတယ်။ စနစ်တကျဆိုတဲ့ နေရာမှာ အစားအသောက်ကို လျှော့စားခိုင်တာမဟုတ်ပါပဲ တစ်နေ့တာလိုအပ်တဲ့ ပရိုတင်း ၊ ကာဘိုဟိုက်ဒရိတ် ၊ အဆီနဲ့ အမျှင်ဓာတ်တွေကို မျှတအောင်စားပေးဖို့ပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အချိုရည်နဲ့ သကြားများတဲ့အစားအစာတွေ ၊ အငံဓာတ်များတဲ့ အစားအစာတွေနဲ့ ဆီကြော်တွေကိုတော့ လုံးဝရှောင်ရမှာဖြစ်ပြီး သဘာဝအတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဦးစားပေး စနစ်တကျစားပေးရမှာ ဖြစ်ပါတယ်။

(၄) လမ်းလျှောက်ခြင်း ၊ ပြေးခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ

Photo : Men’s Health

Gym မှာ ဝိတ်တုန်းတွေနဲ့ ကစားရုံတစ်ခုတည်းနဲ့ လုံလောက်ပြီလို့ မထင်ပါနဲ့။ အချိန်တိုအတွင်းမှာ သိသာထူးခြားတဲ့ ပြောင်းလဲမှုရလဒ်ကို မြင်ရဖို့ ပိုလှုပ်ရှားပေးဖို့လိုပါတယ်။ လမ်းလျှောက်ခြင်း ၊ ပြေးခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်တစ်ခုလုံး အထူးသဖြင့် ဗိုက်တစ်ဝိုက်က အဆီတွေကို လျှော့ချဖို့ ကူညီပေးပါတယ်။ ဒါကြောင့် တစ်ရက်ကိုအနည်းဆုံး နာရီဝက် ၄၅ မိနစ်လောက် လမ်းလျှောက် သို့မဟုတ် အပြေးလေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။

(၅) ရေများများသောက်ပါ

Photo : Real Men Real Style

ရေသောက်ခြင်းကလည်း ကိုယ်အလေးချိန် လျော့ချဖို့အတွက် အဓိကအရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။ အချိုရည်နဲ့ သကြားပါဝင်တဲ့ ဖျော်ရည်တွေ သောက်မယ့်အစား ရေကိုပဲ များများဖိသောက်ပေးပါ။ တစ်ရက်ကို ၃ – ၄ လီတာခန့် သောက်သုံးပေးရပါမယ်။

(၆) အိပ်ချိန်ပြည့်အောင်အိပ်ပါ

Photo : GQ

အိပ်ချိန်ကလည်း ခန္ဓာကိုယ်ပြောင်းလဲတဲ့နေရာမှာ ရလဒ်သိသာစေဖို့ အထူးအရေးပါပါတယ်။ ကိုယ်အလေးချိန်လျှော့ချနေသူတွေ ၊ အားကစားပုံမှန်လုပ်သူတွေအနေနဲ့ တစ်ရက်ကို ၇ နာရီကနေ ၉ နာရီကြား ပြည့်ပြည့်ဝဝ အိပ်သင့်ပါတယ်။ အိပ်ချိန်ပြည့်အောင်အိပ်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မှန်ကန်စေပြီး ကယ်လိုရီလောင်ကျွမ်းစေဖို့ အထောက်အကူ ပြုပါတယ်။

ခန္ဓာကိုယ်ကို အမှန်တကယ်ပြောင်းလဲဖို့ဆိုတာ အဓိက ကွီးတို့ရဲ့ စိတ်ပိုင်းဖြတ်မှုပေါ်အများကြီး မူတည်ပါတယ်။ ကိုယ်တိုင်စည်းကမ်းထားပြီး ခံယူချက်ပြင်းပြင်း လုပ်ဆောင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အထက်ပါအချက်လေးတွေကို လိုက်နာပြီး ဇွဲရှိရှိနဲ့ လုပ်ဆောင်မယ်ဆိုရင် အချိန် ၄ ပတ်အတွင်းမှာ ကိုယ်အလေးချိန်လျော့ချပြီး အမိုက်စားဘော်ဒီအဖြစ်ကို ပြောင်းလဲနိုင်ပါလိမ့်မယ်။

Featured Photo : Men’s Health