ကမ္ဘာကြီးဟာ လူသားတွေအတွက်တော့ စွန့်စားခန်းဖွင့်စရာ နေရာတွေ အလုံအလောက် ချန်ထားတုန်းပါပဲ။ လူရဲ့ အသွေးအသားထဲမှာလည်း မရောက်ဖူးသေးတဲ့ နေရာကို ရောက်လိုစိတ် ၊ သူများတကာ မလုပ်ဝံ့တာကို အဦးဆုံး လုပ်ပြလိုစိတ်ဆိုတဲ့ စွန့်စားချင်စိတ်တွေက ကမ္ဘာဦးကနေ အခုချိန်အထိ ကူးခတ်ပြေးလွှားနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သူမတူတဲ့ စွန့်စားခန်း တွေ ဖွင့်ချင်သူတွေအတွက် ကမ္ဘာ့ အကြမ်းတမ်းဆုံး Adventures ခရီးတွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) ကမ္ဘာ့အမတ်စောက်ဆုံးနေရာ – Thor တောင် ၊ ကနေဒါ

Photo : rdasia
ကနေဒါနိုင်ငံ မြောက်ပိုင်း Nunavut နယ် Baffin ကျွန်းပေါ်က Auyuittuq National Park မှာ Mount Thor (သော်တောင်) ဆိုတဲ့ တောင်တစ်လုံး ရှိပါတယ်။ Mount Thor ဟာ အမြင့် ၁၆၇၄ မီတာ ရှိတဲ့ တောင်ပါ။ ဒီတောင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင် မဟုတ်ပေမယ့် အမတ်စောက်ဆုံး တောင်တစ်လုံးဆိုတာကတော့ သေချာပါတယ်။ ကနေဒါနိုင်ငံရဲ့ အကျော်ကြားဆုံး တောင်တွေထဲက တစ်လုံးဖြစ်ပြီး ဂရင်းနိုက်ကျောက်တွေနဲ့ ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။
Mount Thor ဟာ ထောင်လိုက်အမတ်စောက်ဆုံး နေရာဟာ ၁၂၅၉ မီတာ ရှိပြီး ထောင့်အားဖြင့် ၁၀၅ ဒီဂရီမတ်စောက်နေတာ ဖြစ်ပါတယ်။ Mount Thor ဟာ ကနေဒါရဲ့ အစွန်အဖျားမှာ ရှိပေမယ့် စွန့်စားခန်း ခပ်ကြမ်းကြမ်းကိုမှ ကြိုက်ကြတဲ့ တောင်တက်သမားတွေအကြားမှာတော့ Mount Thor ဟာ ရေပန်းစား လူကြိုက်များပါတယ်။ တောင်ထိပ်အမြင့်ဆုံးနေရာ မတက်နိုင်ရင်တောင် Mount Thor တောင်ခါးပန်းမှာ တဲထိုးပြီး သဘာဝတရားကြီးကို ခံစားကြည့်ရတာကလည်း ကမ္ဘာကြီးကို အပိုင်ရလိုက်သလို ခံစားရစေမှာပါ။
(၂) လူနေနိုင်တဲ့ ကမ္ဘာ့အအေးခဲဆုံး နေရာ -Oymyakon ၊ ရုရှား

Photo : rdasia
ကမ္ဘာကြီး ပူနွေးလာမှုက တစ်နေ့တခြား မြင့်လာပြီ ဖြစ်လို့ ရုရှားမြို့ငယ်လေး Oymyakon ဟာ အခုတော့ လူတွေ အရင်ကထက် နေလို့ ပိုသက်တောင့်သက်သာ ရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ၁၉၂၄ ခုနှစ်က မှတ်တမ်းတွေအရ Oymyakon မြို့လေးရဲ့ အပူချိန်ဟာ အနုတ် ၇၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ Oymyakon မြို့လေးမှာ လူပေါင်း ၅၀၀ ခန့် နေထိုင်ကြလို့ ကမ္ဘာပေါ်က လူနေထိုင်နေကြတဲ့ အအေးခဲဆုံး နေရာအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။
တစ်ခါကတော့ ဒီမြို့လေးဟာ နိုင်ငံရေးအကျဉ်းစံတွေ နယ်နှင်ဒဏ်ပေးခံရာမှာ ပို့ကြတဲ့ မဲဇာဖြစ်ခဲ့ပါတယ်။ ဆောင်းတွင်းမှာ ပျမ်းမျှ အပူချိန် အနုတ် ၅၀ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိလို့ လူ့ကိုယ်ခန္ဓာတည်ဆောက်မှုပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်ပါတယ်။ မြေပြင်ဟာ တစ်နှစ်လုံး ရေခဲတွေနဲ့ အေးခဲနေတတ်ပြီး လူသူအရောက်အပေါက် နည်းလှလို့ တစ်မြို့လုံးမှာမှ ဟော်တယ်တစ်လုံးပဲ ရှိတယ်လို့ ဆိုပါတယ်။ Oymyakon မြို့လေးမှာ လူကြိုက်များတဲ့ အားကစားတွေကတော့ စကိတ်စီးခြင်း ၊ ရေခဲပြင် ဟော်ကီကစားခြင်းနဲ့ ရေခဲပြင် ငါးဖမ်းခြင်း Ice Fishing တို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
(၃) ကမ္ဘာပေါ်က အခြောက်သွေ့ဆုံးနေရာ – Atacama သဲကန္တာရ ၊ ချီလီနိုင်ငံ

Photo : rdasia
ကန္တာရထဲ ခရီးသွားဖို့တော့ ဘယ်သူမှ စိတ်ကူးယဉ်ချင်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကမ္ဘာပေါ်က အင်္ဂါဂြိုလ်လိုမျိုး ခြောက်သွေ့လွန်းလှတဲ့ Atacama ကန္တာရမျိုးမှာ ဖြစ်ပါတယ်။ NASA နဲ့ National Geographic တို့ကတော့ ချီလီနိုင်ငံ Atacama ကန္တာရကို အင်္ဂါဂြိုလ်ပေါ်က မြေဆီလွှာနဲ့ နှိုင်းယှဉ်ကြပါတယ်။
၁၉၀၃ အောက်တိုဘာကနေ ၁၉၁၈ ဇန်နဝါရီအထိ ၁၅ နှစ်တိုင်တိုင် Atacama ကန္တာရမှာ မိုးတစ်ပေါက်တောင် မကျခဲ့ဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ကာလအကြာဆုံး မိုးခေါင်ခဲ့တဲ့ ဒေသပါပဲ။ ဒီဒေသကို ဘာကြောင့် သွားသင့်သလဲဆိုတာကတော့ Adventures စိတ်ဝင်စားသူတွေ ကိုယ်တိုင်သာ ဆုံးဖြတ်ဖို့ပဲ ဖြစ်ပါတယ်။
(၄) အာကာသအပြင်လွှာနဲ့ အနီးဆုံး နေရာ – Mount Chimborazo ၊ အီကွေဒေါ
Photo : rdasia
လူတွေရဲ့ ငယ်အိပ်မက်ထဲမှာ အာကာသထဲ ခရီးလှည့်လည်ဖို့ဆိုတဲ့ စိတ်ကူးတစ်ခုလည်း အပါအဝင် ဖြစ်မှာပါ။ အာကာသကို အလည်အပတ်သွားလို့ ရပြီ ဆိုပေမယ့် ထိုင်ခုံလက်မှတ်တစ်ခုအတွက် အနည်းဆုံး ဒေါ်လာ ၂ သိန်းခွဲလောက် အကုန်အကျခံနိုင်မှာ ဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း အာကာသအတွေ့အကြုံကို နီးနီးစပ်စပ် ခံစားဖို့ဆို အာကာသယာဉ်ကြီး စီးပြီး ခရီးထွက်မှ မဟုတ်ပါဘူး။
နိုင်ငံတကာ အာကာသစခန်း ISS မှာ ရှိတဲ့ ပုံရိပ်ယောင်ခရီးသွားလာမှု Tour နဲ့ သွားနိုင်သလို အီကွေဒေါနိုင်ငံမှာ ရှိတဲ့ Mount Chimborazo တောင်ကို တက်ပြီးလည်း ခံစားနိုင်ပါတယ်။ အကြောင်းကတော့ မီးတောင်သေတစ်လုံးဖြစ်တဲ့ Mount Chimborazo ဟာ အ မြင့် ၆၀၉၆ မီတာ (ပေပေါင်း ၂ သောင်းကျော်) မြင့်ပါတယ်။ ဒီတောင်က အာကာသအပြင်ဘက်အလွှာနဲ့ အနီးဆုံး နေရာမှာ ရှိပါတယ်။
အားလုံးသိတဲ့အတိုင်း မီတာ ၈၈၉၃ မီတာကျော် (ပေပေါင်း ၂ သောင်း ၉ ထောင်ကျော်) မြင့်တဲ့ ဧဝရတ်တောင်က ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်ပေမယ့် တောင်အနေအထားအရ Mount Chimborazo ရဲ့ မြေမျက်နှာဟာ ကမ္ဘာ့ဗဟိုကနေဆို အပြင်ဆုံးကို ထိုးထွက်နေတာ ဖြစ်ပါတယ်။ တောင်ထိပ်တစ်ခုလုံး ရေခဲတွေနဲ့ ဖုံးအပ်နေတဲ့ ဒီတောင်ဟာ တောင်တက်သမားတွေရဲ့ အိပ်မက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ Adventures ခရီးသွားတို့အတွက် ညွှန်းချင်တဲ့ နေရာတွေထဲမှာ ဗင်နီဇွဲလားက ကမ္ဘာ့အမြင့်ဆုံးရေတံခွန်ဖြစ်တဲ့ Angel Falls ၊ အိန္ဒိယမှာ ရှိတဲ့ ကမ္ဘာ့အစိုစွတ်ဆုံးနေရာ Mawsynram ၊ ကမ္ဘာ့အအေးဆုံး တိုက်ကြီးတစ်ခုဖြစ်တဲ့ Antarctica ၊ ယူကေမှာ ရှိတဲ့ ကမ္ဘာပေါ်က တသီးတခြားအဆန်ဆုံး နေရာ Tristan da Cunha နဲ့ အီရန်နိုင်ငံက ကမ္ဘာ့ အပူဆုံးနေရာဖြစ်တဲ့ Lut Desert ကန္တာရလည်း ပါဝင်ပါတယ်။
Featured Photo : rdasia

