ချယ်လ်ဆီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တဲ့ ပွဲစဥ်မှာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပေမယ့်လည်း ဒီအသင်းနှစ်သင်းကြားထဲက ကိုင်စီဒို လုပွဲမှာတော့ ချယ်လ်ဆီး က အနိုင်ရသွားခဲ့ပြီး ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၁၁၅)သန်းနဲ့ တရားဝင် ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။

moises caicedo

Photo Credit : TEAMtalk

ချယ်လ်ဆီး က ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်စီဒိုကို အခုနှစ် နွေစျေးကွက်ရဲ့ အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စျေးကွက်ဖွင့်ချိန်မှာ ချယ်လ်ဆီးက ကိုင်စီဒို အတွက် ကမ်းလှမ်းမှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရာ ဘရိုက်တန်ကလည်း အကြိမ်ကြိမ် ပယ်ချခဲ့လို့ ဒီအပြောင်းအရွှေ့က ကြန့်ကြာလွန်းနေရခဲ့ရပါတယ်။ ဘရိုက်တန်အနေနဲ့ကလည်း သူတို့ ကစားသမားအတွက် ​​တန်​ကြေးကို အများအပြား တောင်းဆိုနေခြင်းကိုလည်း ချယ်လ်ဆီး ပရိသတ်တွေက ဒေါသထွက်နေခဲ့ရပါသေးတယ်။

caicedo

Photo Credit : Football Transfer

ဒီအချိန်မှာ ကိုင်စီဒို အပြောင်းအရွှေ့ထဲ လီဗာပူးလ်အသင်းပါ ပါဝင်လာခဲ့ပြီး ကိုင်စီဒိုအတွက် ပေါင် သန်း(၁၁၀)နဲ့ ကမ်းလှမ်းမှု ကြားဖြတ် ပြုလုပ်လာခဲ့ရာ ဒီကမ်းလှမ်းချက်ကို ဘရိုက်တန်က လက်ခံသွားခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုက ဘရိုက်တန်အတွက် ဘယ်လိုမှ ပယ်ချနိုင်စရာ မရှိတာကြောင့် သဘောတူခဲ့ပေမယ့်လည်း ကိုင်စီဒိုကိုယ်တိုင်ကတော့ ချယ်လ်ဆီးမှ ချယ်လ်ဆီး ဖြစ်နေတာမို့ လီဗာပူးလ်ကို လက်မခံနိုင်ပဲ ပယ်ချခဲ့ပါတယ်။ ဒီလို အခြေအနေမှာတော့ ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ပြန်လည် ကြိုးပမ်းမှုတွေ ထပ်လုပ်ဆောင်လာရင်း နောက်ဆုံးတော့ သူတို့ အလိုချင်ဆုံး ကစားသမား ကိုင်စီဒိုကို ပေါင် (၁၁၅)သန်းနဲ့ အရ ခေါ်ယူလိုက်နိုင်ပါတယ်။

caicedo cfc

Photo Credit : Twitter

ချယ်လ်ဆီးက ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀) အပိုဆုကြေး ပေါင် (၁၀)သန်း စုစုပေါင်း ပေါင် (၁၁၅)သန်းနဲ့ တရားဝင် ခေါ်ယူလိုက်နိုင်ပြီး ဒီတန်ကြေးဟာလည်း ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးပါ ဖြစ်ခဲ့ပါတယ်။ ကိုင်စီဒိုကို အရ ခေါ်ယူလိုက်နိုင်တဲ့ ချယ်လ်ဆီး အသင်းက ဒီအီကွေဒေါ ကွင်းလယ်လူကို (၈)နှစ်အထိ နှစ်ရှည် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်သလို နောက်ထပ် (၁)နှစ် သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။ အခု ကိုင်စီဒို လုပွဲ အနိုင်ရလိုက်တဲ့ ချယ်လ်ဆီးက လီဗာပူးလ်ရဲ့ပစ်မှတ် လာဗီယာကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာပြီ ဖြစ်လို့ လီဗာပူးလ်အနေနဲ့ မိအေးနှစ်ခါနာသလို ​ဖြစ်ရပါတော့မယ်။

Featured Photo : Twitter