ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ဟာ အင်ဂျင်တစ်လုံးနဲ့ အလားသဏ္ဍာန်တူတယ်လို့ ပြောလို့ရပါတယ်။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ နေ့စဉ်လိုအပ်တဲ့ အစာအာဟာရကို ဖြည့်တင်းပေးဖို့လိုသလို ကိုယ်လက်လှုပ်ရှားမှုအတွက်လည်း လေ့ကျင့်ခန်း တချို့ပြုလုပ်ပေးဖို့လည်း လိုပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိရင် လူကထိုင်းမှိုင်းပြီး တဖြည်းဖြည်းနဲ့ တက်ကြွရွှင်လန်းမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။ ပိုဆိုးတာက ရေရှည်အတွက်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် က လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိကြောင်း ပြနေတဲ့ လက္ခဏာ တွေကို ပြောပြပေးချင်ပါတယ်။
(၁) အဆစ်တွေ တောင့်တင်းနေမယ်

Photo : WebMD
အဆစ်တွေ တောင့်တင်းပြီး လှုပ်ရှားရခက်တာ ၊ ကိုက်ခဲနာကျင်တာဟာ အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် Autoimmune ရောဂါကဲ့သို့ ရောင်ရမ်းမှု အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းမရှိပါကလည်း အဆစ်တွေ တောင့်တင်းနာကျင်ပြီး လှုပ်ရှားရခက်စေ တက်ပါတယ်။ ကွီးတို့အနေနဲ့ ရောဂါအခြေအနေ ထွေထွေထူးထူး မရှိပါပဲ အဆစ်တွေ တောင့်တင်းနာကျင်နေတယ်ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့လိုလာပါပြီ။
(၂) အသက်ရှုမဝသလို ခံစားနေရမယ်

Photo : WebMD
ကိုယ်လက်လှုပ်ရှားမှု မရှိရင် သိသာတာတစ်ခုက ခန္ဓာကိုယ် ရဲ့ ကြွက်သားတွေ အားနည်းလာတာပါ။ အသက်ရှုတဲ့အခါ အဆုတ်ထဲကို အောက်ဆီဂျင် အဝင်အထွက် လှုပ်ရှားမှုအတွက် အဓိက လုပ်ဆောင်ပေးနေတဲ့ ကြွက်သားတွေ အားနည်းလာရင် အသက်ရှုရတာပိုပြီး ခက်ခဲလာနိုင်ပါတယ်။ လှုပ်ရှားမှုနည်းလေလေ ၊ အသက်ရှုရပိုမို ခက်ခဲလာလေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းမလုပ်တဲ့အခါ အသက်ရှုမဝသလို ခံစားရနိုင်တာပါ။
(၃) စိတ်အတက်အကျ မြန်နေမယ်
Photo : WebMD
ကာလကြာရှည် ကိုယ်လက်လှုပ်ရှားမှု မရှိတာနဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းပိုင်ဆိုင်ရာတင်မကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ လေ့လာမှုတွေအရ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု မရှိသူတွေဟာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်သူတွေထက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေ ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ လူက Moody အရမ်းဖြစ်ပြီး စိတ်ဓာတ်ကျလွယ် ၊ ဒေါသထွက်လွယ် ၊ စိုးရိမ်စိတ်များလွယ်တာမျိုးတွေ ဖြစ်နေရင်တော့ ကွီးတို့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု စလုပ်ဖို့လိုနေပါပြီ။
(၄) အရာရာမှာ မေ့မေ့လျော့လျော့ ဖြစ်နေမယ်

Photo : WebMD
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်အတွက် Growth Factors လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ပိုမိုထုတ်လုပ်ဖို့ ညွှန်ကြားပေးပါတယ်။ ၎င်းဓာတုပစ္စည်းတွေက ဦးနှောက်အတွင်းမှာရှိတဲ့ သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးပါတယ်။ ဦးနှောက်ထဲ သွေးစီးဆင်းမှု များလေလေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ၊ မှတ်မိနိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ တိုးစေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့တော့ ကိုယ်လက်လှုပ်ရှားမှုမရှိရင် ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းလာပြီး အရာရာမှာ မေ့မေ့လျော့လျော့ ဖြစ်လာပါလိမ့်မယ်။
(၅) အိပ်ပျော်ဖို့ ခက်ခဲလာမယ်

Photo : WebMD
ကိုယ်လက်လှုပ်ရှားမှု မရှိတာနဲ့ ခန္ဓာကိုယ် ရဲ့ဇီဝဖြစ်စဉ်ဟာ ကမောက်ကမ ဖြစ်လာပြီး ညဘက်တွေမှာ အိပ်ပျော်ဖို့ ပိုမို ခက်ခဲလာပါလိမ့်မယ်။ စိတ်ဖိစီးမှုများတာ ၊ ညဘက် ဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ အသုံးပြုတာစတဲ့ အချက်တွေကြောင့် အိပ်ပျော်ရခက်ခဲစေသလို ကိုယ်လက်လှုပ်ရှားမှု လုံလုံလောက်လောက် မရှိပါကလည်း ကွီးတို့ ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲလာနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် မြန်မြန်အိပ်ပျော်စေပြီး အိပ်ပျော်တဲ့အခါမှာလည်း ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်ပါတယ်။
Photo : Safarmedical.com

