ယနေ့ခေတ်မှာ လူတော်တော်များများက မနက်ခင်း နိုးလာတာတဲ့ ပြည့်ကျပ်နေတဲ့ အချိန်စာရင်းတွေ၊ အလုပ်ကိစ္စတွေနဲ့ တစ်နေ့တာကို စတင်ဖို့ လှုပ်ရှားကြပါတယ်။ မနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးထပြီး တစ်နေ့တာကို တတ်တတ်ကြွကြွ လှုပ်ရှားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်နေ့လုံး မလန်းဆန်းဘဲ နုံးချိနေတတ်ပါတယ်။ မနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်းက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး တတ်ကြွ လန်းဆန်းနေစေဖို့ မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ကို ကွီးတို့အတွက် ဝေမျှပေးချင်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အကူပြုစေပါတယ်။ မနက်ခင်းမှာ ကိုယ်လက် လေ့ကျင့်ခန်းများ ကို အချိန်ပေးပြီးပြုလုပ်ခြင်းက ကွီးတို့ရဲ့ တစ်နေ့တာကို တတ်ကြွလန်းဆန်းစေရုံသာမက ကျန်းမာရေးအတွက်ပါ အထောက်အပံ့ကောင်းတွေ ပေးပါလိမ့်မယ်။ မနက်ခင်းမှာ ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်လို့ရမလဲဆိုတာ ဆက်ကြည့်ရအောင်။

လေ့ကျင့်ခန်း (၁) Cat Camel Stretch

မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ

Photo : Accelerate TV

အခု ပထမဦးဆုံးဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းကတော့ Cat Camel Stretch အကြောဆန့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အကြောဆန့်လေ့ကျင့်ခန်းများက မနက်ပိုင်းတွင်ပြုလုပ်ရန် အထူးသင့်တော်ပါတယ်။ အထူးသဖြင့် တစ်နေ့တာလုံးမှာ အထိုင်များတဲ့လူတွေအတွက် တကယ်ကိုအကျိုးပြုပါတယ်။ ကျောရိုးပျော့ပြောင်းမှုအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ လေးဖက်ထောက်လိုက်ပါ။ ကျောကုန်းကို ကုလားအုတ်တစ်ကောင်လို ကုန်း၍ခေါင်းကို ငုံ့ချလိုက်ပါ။ ထို့နောက်တစ်ဖန် ကုန်းထားသောကျောကို ပြန်ဆန့်ပြီး ပုံပါအတိုင်း ခေါင်းကို မော့လိုက်ပါ။ ဒီလှုပ်ရှားမှုကိုဖြေးညှင်းစွာနဲ့ အကြိမ်အနည်းငယ်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂) ပြေးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း

မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ

Photo : WiffkeGif

မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲမှာ မနက်စောစော နွေးထွေးတဲ့ နေရောင်အောက်မှာ လမ်းလျှောက်တာ သို့မဟုတ် ပြေးတာပါပဲ။ အိမ်မှာ ပြေးစက်နဲ့ ပြေးတာမျိုးလည်းအဆင်ပြေပေမဲ့ သဘာဝနဲ့ချိတ်ဆက်နိုင်ပြီး နေရောင်အောက်မှာပြေးခြင်းက ကွီးတို့ကို တစ်နေ့တာလုံး လန်းဆန်းနေစေပြီး အားအင်တွေ ပြည့်ဝနေစေမှာပါ။

မနက်ခင်းမှာ ပြေးခြင်း၊ လမ်းလျှောက်ခြင်း စသည်တို့က ကွီးတို့ရဲ့နှလုံးကို ကျန်းမာစေပြီး သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးပါတယ်။ ဒါ့အပြင် အရိုးတွေကို သန်မာစေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်ပြေးခြင်း၊ လမ်းလျှောက်ခြင်းကို ပုံမှန်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၃) Jumping Jacks

မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ

Photo : Gympik

ဒီလေ့ကျင့်ခန်းက နှလုံးသွေးကြောကျန်းမာရေး အတွက်သာမက ခြေသလုံးကြွက်သားများနဲ့ ပခုံးကြွက်သားများ အတွက်လည်း အရမ်းကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ မတ်မတ်ရပ်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ရင်းခုန်ပါ။ ထိုကဲ့သို့ ထပ်ခါထပ်ခါ ခုန်ပေးပါ။ ပထမဆုံးဒီလေ့ကျင့်ခန်းကို လုပ်တဲ့သူဆိုရင် ၁ မိနစ်အရင်လုပ်ပြီးမှ ကြာချိန်ကို ဖြေးဖြေးချင်း တိုးသွားပေးပါ။

လေ့ကျင့်ခန်း (၄) Blancing Table Pose

morning exercise

Photo : Pinterests

ဒီလေ့ကျင့်ခန်းကတော့ ဂန္ထဝင် ယောဂကျင့်စဉ် တစ်ခုဖြစ်ပါတယ်။ ကျောရိုး၊ ဟန်ချက်ညီမှု၊ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုတို့ကို အကျိုးပြုစေပါတယ်။

ပထမဦးစွာ စားပွဲတင်ပုံစံ (လက်နှင့်ဒူး) ကိုထောက်လိုက်ပါ ။ လှုပ်ရှားမှုတစ်ခုစီမစတင်မီ အသက်ရှူသွင်းပါ။ ရှူထုတ်သည့်အခါ ညာဖက်လက်ကို မြှောက်လိုက်သည်နှင့် ကြမ်းပြင်နှင့်အပြိုင် ဘယ်ခြေထောက်ကို အပြိုင်မြှင့်ပါ။ လက်မောင်းနဲ့ ခြေထောက်တွေကို လျှော့ပြီး အသက်ရှူသွင်းပါ။ တစ်ဖက်ကိုပြန်လုပ်ပါ။ တစ်ဖက်စီ အတွက် ၁၀ ကြိမ် ပြုလုပ်ခြင်းက ကောင်းမွန်သော စတင်မှု ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅) Leg Squats

morning exercise

Photo : Flab Fix

မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲမှ နောက်တစ်ခုကတော့ Leg Squats ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ဒူးကို သန်မာစေဖို့ အကူအညီပေးပြီး၊ တံကောက်ကြော၊ ခြေသလုံးကြွက်သားနဲ့ ပေါင်မှ ကြွက်သားများကို များစွာ အကျိုးပြုပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ ကွီးတို့ရဲ့ ခြေထောက်များကို တင်ပါးအကျယ်ထက်အ နည်းငယ်ခြားပြီး ရပ်ပါ။ ထို့နောက်လက်များကို ထုတ်ပြီး ဒူးများကို ၉၀ ဒီဂရီရောက်သည်အထိ ထိုင်သည့်ပုံစံ ကဲ့သို့ ကွေးချလိုက်ပါ။ အဆင်ပြေရင် တင်ပါးကို ထပ်နှိမ့်နိုင်ပါတယ်။ အခုမှ စတင်လုပ်မဲ့သူများအတွက် ၁ ကြိမ်လျှင် ၁၅ နဲ့ ၂ ကြိမ်လုပ်ပေးပါ။ နောက်ပိုင်းတွင် အကြိမ်ရေကို ဖြေးဖြေးချင်း တိုးသွားနိုင်ပါတယ်။

တစ်နေ့တာအတွက် များပြားလှတဲ့အလုပ်တွေနဲ့ မစတင်ခင်မှာ လန်းဆန်းတတ်ကြွပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းလေးတွေနဲ့ နေ့သစ်ကို စတင်သင့်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ တစ်နေ့လုံး တတ်ကြွလန်းဆန်းနေစေဖို့ မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ဟာ အကူကိရိယာများလည်း မလိုအပ်သလို Gym ကိုလည်း မဖြစ်မနေ သွားစရာမလိုပါဘူး။ အလုပ်ရှုပ်တဲ့ လုပ်ငန်းခွင်က ကွီးတို့အတွက်လည်း အထောက်အကူ ပြုစေမယ်လို့ မျှော်လင့်ပါတယ်။

Source : Lifehack

Featured Photo : Healthline