အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် မဆုတ်မနစ်တဲ့ ဇွဲနဲ့ အပတ်တကုတ် ကြိုးစားခြင်းသည် အင်မတန်မှ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထိုကြိုးစားမှုသည် ကောက်ရိုးမီး လို မဖြစ်ဖို့အတွက် သတိ ကြီးကြီးထားရမှာပဲ ဖြစ်ပါတယ်။ ကောက်ရိုးမီး လို ကြိုးစားခြင်းသည် ခဏတဖြုတ် ပင်ပန်းတာသာ အဖတ်တင်ပြီး ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။

အတားအဆီးဆိုတာ ကြုံရစမြဲပါပဲ

အတားအဆီး

အောင်မြင်မှု လမ်းကြောင်းသည် ပန်းခင်းလမ်းလိုမျိုး နူးညံ့အိစက်ပြီး ဖြောင့်ဖြူးနိုင်မှာမဟုတ်ပါဘူး။ ဆူးညှောင့်ခလုတ်တွေနဲ့ ပြည့်နှက်နေမှာပါပဲ။ ထိုဆူးညှောင့်ခလုတ်တွေကို ကျော်လွှားသွားနိုင်ဖို့အတွက် မလျော့မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ အကြမ်းပတမ်း ခံနိုင်တဲ့ စိတ်တစ်ခု လိုအပ်ပါသေးတယ်။ နူးညံ့ပြီး ကိုယ့်ကိုယ်ကိုယ် ညှာနေမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ် လုပ်နိုင်တဲ့ဆိုတဲ့ စိတ်နဲ့ အားတင်းထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မယ်ဆိုရင် ဘာမဆို ဖြစ်နိုင်ပါတယ်။

အရင်ဦးဆုံး စိတ်ကူးယဥ်ကြည့်လိုက်ပါ

ကောက်ရိုးမီး သတိ

အောင်မြင်မှုကို ရရှိဖို့ဆိုရင် ကွီးတို့အတွက် အဓိက လိုအပ်တဲ့အရာက စိတ်ကူးယဥ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာဖြစ်မလဲဆိုတာ အရင်ဦးဆုံး စိတ်ကူးယဥ်ကြည့်လိုက်ပါ။ စိတ်ကူးယဥ်တဲ့အပိုင်း ပြီးသွားတဲ့အခါမှာတော့ ထိုစိတ်ကူးယဥ်တာတွေကို အမှန်တကယ်ဖြစ်လာလို့ ကြိုးစားရမှာကတော့ ဒုတိယအပိုင်း ဖြစ်သွားပါလိမ့်မယ်။

အပတ်တကုတ် ကြိုးစားပြီးမှသာ အောင်မြင်မှုကို ရရှိနိုင်မှာပါ

ကောက်ရိုးမီး သတိ

အောင်မြင်မှုဆိုတာသည် ဒီနေ့ကြိုးစား၊ နောက်နေ့ ချက်ချင်း အောင်မြင်မှုရတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားမှု အတိုင်းအတာပေါ် မူတည်ပြီး အချိန်ယူရစမြဲပါပဲ။ ဖြတ်လမ်းကို လိုက်ပြီး အောင်မြင်မှုကို ရယူခြင်းသည်လည်း မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဖြတ်လမ်းကနေ အောင်မြင်လာတဲ့ အောင်မြင်မှုသည်လည်း ရေရှည်ခံမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အလွယ်လမ်းက မလိုက်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစားစရာရှိတာ ကြိုးစားပါ။ အောင်မြင်မှုက တစ်နေ့နေ့မှာ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။

လမ်းတစ်ဝက်မှာ အလျော့ပေးလိုက်မယ်ဆို အရှုံးနဲ့သာ ရင်ဆိုင်ရမှာ

ကောက်ရိုးမီး သတိ

ကြိုးစားရတာ ပင်ပန်းလွန်းလို့ လမ်းတစ်ဝက် ရောက်မှ လက်လျော့ချင်နေပြီလား။ ဒါဆိုရင် ကိုယ် ဘာ့ကြောင့် ကြိုးစားခဲ့သလဲဆိုတာကို အမှတ်ရလိုက်ပါ။ ကိုယ့်ရဲ့ ကြိုးစားမှုတွေကို အလဟဿ အဖြစ်ခံလိုက်တော့မှာလား။ ထိုကဲ့သို့ ပင်ပန်းနေတဲ့အခါမှာ လက်လျော့ရမှာ မဟုတ်ပါဘူး။ ခဏတဖြုတ် အနားယူရမှာဖြစ်ပါတယ်။ နေ့တစ်ဝက်၊ တစ်ရက်၊ နှစ်ရက်၊ သုံး လေးရက်လောက် အနားယူလိုက်ပါ။ အနားယူပြီးတဲ့နောက်မှာ ကိုယ် ကြိုးစားစရာရှိတာတွေ ပုံမှန်လုပ်နေကျအတိုင်း ဆက်လက်လုပ်ဆောင်ကြည့်လိုက်ပါ။

ဥာဏ်ကို လွှာသုံးဖို့လည်း မမေ့ပါနဲ့

ကောက်ရိုးမီး သတိ

ဥာဏ်ကို အတုံးလိုက် အတစ်လိုက် သုံးနေရတဲ့ ခေတ်က ကုန်သွားပါပြီ။ ဥာဏ်ကို လွှာသုံးပြီး ပါးပါးနပ်နပ် လုပ်ဆောင်မှသာလျှင် အများထက် ခေါင်းတစ်လုံး သာနေမှာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဦးနှောက်ကို မသုံးဘဲ ပစ်ထားမယ်ဆိုရင်လည်း မသွေးဘဲ ဒီအတိုင်းထားတဲ့ ဓားတစ်လက်လိုပဲ တုံးသွားမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ စကားတစ်ခွန်းရှိပါတယ်။ ထိုစကားကတော့ “Work Smarter, Not Harder” ပဲ ဖြစ်ပါတယ်။ ဥာဏ်ကို လွှာသုံးပြီး စမတ်ကျကျ အလုပ်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုက ကွီးတို့အတွက်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ စမတ်ကျကျ လုပ်ဆောင်တတ်တဲ့ အကျင့်သည်လည်း ကောက်ရိုးမီး မဖြစ်ဖို့ သတိ ထားသင့်ပါတယ်။

Featured Image: Freepik