တစ်နေ့တာလုံးအတွက် စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်ပြီး လန်းဆန်းတဲ့ နေ့လေးတစ်နေ့ဖြစ်ဖို့ မနက်ခင်း အချိန်တွေက အရေးပါပါတယ်။ နံနက်ခင်းအချိန်အစပြုမှုက ကွီးတို့ရဲ့ နေ့ခင်းပိုင်းနှင့် ညနေပိုင်းများအထိပါ သက်ရောက်မှု ရှိပါတယ်။ မနက်ခင်းတိုင်းကို အလေ့အကျင့်ကောင်းတွေနဲ့ စတင်တဲ့သူတွေဟာ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို သေချာစွာ အာရုံစိုက်နိုင်ပြီး ဘယ်အရာကိုမဆို ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ နံနက်ခင်းကို ကောင်းမွန်စွာစတင်ခြင်းက လူကြီး၊ လူငယ် မရွေးအတွက် အရေးကြီးတဲ့ နေရာကနေပါဝင်ပါတယ်။
မနက်ခင်းတိုင်းကို ကောင်းမွန်သော အလေ့အကျင့်ကောင်းများနဲ့ စတင်ခြင်းဟာ လူသားများအတွက် ဘဝကို တိုးတက်အောင်မြင်စေသည်သာမက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးများစေပါတယ်။ ဘယ်လို အလေ့အကျင့်ကောင်းတွေနဲ့ ကွီး တို့ရဲ့ မနက်ခင်း တိုင်းကို စတင်ပါသလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်။
(၁) အိပ်ရာစောစောထပါ

Photo : Men’s Health
အောင်မြင်သူအများစုဟာ နေ့တိုင်း မနက်စောစောထပြီး ညဘက်မှာဆိုလျှင်လည်း အိပ်ချိန်ကို ဂရုစိုက်ကာ အချိန်မှန် အိပ်ကြပါတယ်လို့ ဆိုပါတယ်။ ညဘက်နောက်ကျတဲ့ အထိ အလုပ်လုပ်ခြင်းထက် မနက်ပိုင်းမှာ အလုပ်လုပ်ခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကို ပိုမိုတတ်ကြွစေပြီး အလုပ်ပြီးမြောက်အောင်မြင်မှု ပိုမြန်ပါတယ်။ ကျောင်းသားများမှစတင်၍ လုပ်ငန်းခွင်ဝင်ရောက်နေသူများ အပါအဝင် လူကြီးများအထိ စောစောအိပ်ပြီး မနက်စောစောထခြင်းက ဘက်ပေါင်းစုံကနေ အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။ ဒါ့အပြင် အိပ်ရာထနောက်ကျခြင်းကြောင့် ကျောင်းနောက်ကျခြင်း၊ ရုံးနောက်ကျခြင်း အစရှိတဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေများမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
(၂) အိပ်ရာထချိန်မှာ ရေတစ်ခွက်သောက်ပါ

Photo : German Medical Center
တစ်နေ့တာအတွက် မနက်ခင်းတိုင်းမှာ ရေကို ဝဝလင်လင်သောက်ပြီး စတင်လိုက်ပါ။ ကျွန်တော်တို့ အနေနဲ့ အိပ်ပျော်နေချိန် ရေမသောက်နိုင်တာကြောင့် အိပ်ရာက နိုးလာတဲ့အခါ ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ မနက်တိုင်း အိပ်ရာထပြီးချိန်တွင် ရေသောက်တာက ရေငတ်တာကို ပြေပျောက်စေရုံသာမကဘဲ ရေရှည်မှာ ကျန်းမာတဲ့ ရေဓာတ်ကို ထိန်းထားဖို့ ပိုလွယ်ကူစေမှာပါ။ ထို့အပြင် ကွီးတို့ရဲ့ စိတ်ခံစားချက်၊ ဦးနှောက်လုပ်ဆောင်ချက်နှင့် စွမ်းအင်အဆင့်ကို မြှင့်တင်ရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာလည်း ကွီး တို့ရဲ့ မနက်ခင်း ကို စတင်သင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပါ။
(၃) နေ့စဉ် လုပ်ဆောင်စရာများကို List လုပ်ပါ

Photo : ADDitude
ကွီးတို့ရေ မနက်ခင်းမှာ ၅ မိနစ်လောက် အချိန်ပေးပြီး တစ်နေ့တာလုပ်ဆောင်စရာများကို စာရင်းပြုစုပါ။ ဘယ်အရာကို ဦးစားပေးလုပ်ဆောင်ရမယ်၊ ဘယ်အရာကို ဘယ်အချိန်မှာ လုပ်မယ် စသည်ဖြင့် အချိန်ဇယားလေး ဆွဲထားပါ။ ဒီအလေ့အကျင့်ကို လုပ်ခြင်းဖြင့် ကွီးတို့ တစ်နေ့တာအတွက် အရေးကြီးလုပ်ဆောင်ရမည်များကို မေ့လျော့ခြင်းမှ ကာကွယ်နိုင်တဲ့ အပြင် အလုပ်များကိုလည်း ပိုမို ပြီးမြောက်စေပါတယ်။ ဒါ့အပြင် ဒီအချက်ဟာ ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝမှာရော၊ နေ့စဉ်ဘဝမှာပါ အထောက်အကူပြုပါလိမ့်မယ်။
(၄) မနက်စာစားပါ

Photo : Eat This, Not That
မနက်ခင်းမှာ စောစောထပြီး လုပ်စရာများကို ပြင်ဆင်ရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကိုလည်း စားဖို့ မမေ့ပါနဲ့။ များသောအားဖြင့် လူတော်တော်များများဟာ အိပ်ရာထနောက်ကျပြီး မနက်စာကို စားဖို့ အချိန်မရတာကြောင့် မနက်စာမစားဖြစ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ မနက်စာမစားဖြစ်တာ တစ်ရက်တစ်လေဆိုရင်တော့ ပြဿနာမရှိပေမဲ့ မနက်တိုင်းလိုလို ဖြစ်နေရင်တော့ ကွီးတို့ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။ မနက်စာဟာ ကွီးတို့ရဲ့ တစ်နေ့တာလုံးမှာ အသုံးချနိုင်ဖို့ ခန္ဓာကိုယ် စွမ်းရည်အတွက် အမှန်ပင် အရေးပါပါတယ်။ မနက်စာကို အချိန်ပေးပြီး စားခြင်းဟာ ကွီး တို့ မနက်တိုင်း ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။
(၅) လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ

Photo : Verywell Fit
လေ့ကျင့်ခန်းလုပ်ခြင်းသည် ခွန်အားနှင့် ခံစားချက်ကောင်းသော အင်ဒိုဖင်များကို ထုတ်ပေးပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကွီးတို့တစ်နေ့တာလုံးကို လန်းဆန်းတတ်ကြွစေပါတယ်။ ဒါ့အပြင် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အခြားသော အချိန်များမှာလုပ်ခြင်းထက် ပိုမိုအကျိုးများစေတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကွီး တို့ရဲ့ ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်သော အလေ့အကျင့်ဖြစ်သောကြောင့် မနက်ခင်း တိုင်းမှာ မိနစ်အနည်းငယ်ပေးပြီး ပြုလုပ်သင့်ပါတယ်။
(၆) ကောင်းမွန်စွာ အိပ်စက်အနားယူပါ

Photo : Ouraring.com
အိပ်ရေးမဝခြင်း၊ လုံလောက်သောအိပ်ချိန်မရှိခြင်းတို့က ကွီးတို့ရဲ့ စွမ်းဆောင်ရည်၊ စိတ်ခံစားချက်၊ သိမြင်မှုလုပ်ဆောင်ချက်၊ ကိုယ်ခံအားစနစ်နှင့် နေ့စဉ်ဘဝ၏ အခြားအရေးကြီးသောကဏ္ဍများစွာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် အချိန်မှန် အိပ်စက်ပြီး တစ်နေ့လျှင် အိပ်ချိန် ၇ နာရီပြည့်ပါစေ။ ဒါမှသာ မနက်ပိုင်းမှာ လန်းလန်းဆန်းဆန်းနဲ့ နိုးထနိုင်ပြီး လုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာများကို သေချာစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ကွီးတို့ကို အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ မနက်ခင်းတိုင်းမှာ ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီလို အလေ့အကျင့်ကောင်းလေးတွေနဲ့ ကွီးတို့ရဲ့ မနက်ခင်းကို စတင်ခြင်းဖြင့် တစ်နေ့တာအတွက် လန်းဆန်းတတ်ကြွမှုကို ရှိစေသည်သာမက ရေရှည်အတွက်လည်း ဘက်ပေါင်းစုံက အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
Source : Care Spot
Featured Photo : Small Biz trends
