ကျန်းမာခြင်းဟာ လူ့ဘဝမှာ အကောင်းဆုံးသော လာဒ်လာဘ တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်း လက်ခံကြပါတယ်။ ဥစ္စာဓနနဲ့ရာထူးဂုဏ် ပြည့်စုံကြွယ်ဝပေမဲ့ ကျန်းမာရေးမပြည့်စုံရင် ဘဝမှာပျော်ရွှင်မှု မရနိုင်ပါဘူး။ ကွီးတို့ အပါအဝင်လူအများစုမှာ သတိမပြုမိတဲ့ တနည်းပြောရရင် အသေးအဖွဲ့လို့ ထင်တတ်တဲ့ အပြုအမူတွေ ထပ်ခါထပ်ခါ လုပ်ခြင်းကြောင့်လည်း ရောဂါတွေ ဖြစ်ပွားပြီး အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အဓိကကတော့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်ဆိုးတွေကြောင့် ဖြစ်ပွားနိုင်တဲ့ ကင်ဆာရောဂါ တွေကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။ ကင်ဆာကို လူတော်တော်များများ ကြောက်ရွံ့ကြမှာပါ။ ကင်ဆာဖြစ်စေသော မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများ ရှိပေမဲ့လည်း ဒီအချက်က ကင်ဆာများရဲ့ (၅-၁၀) ရာခိုင်နှုန်း သာရှိပါတယ်။ ဆိုလိုတာက ကင်ဆာဟာ ခုချက်ချင်း ရပ်တန့်ပစ်ဖို့ လို့တဲ့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်ဆိုးတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ဆက်လက်ပြီးတော့ ခုချက်ချင်း ရပ်တန့်ပစ်ဖို့ လိုနေတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေရှိတဲ့ နေ့တိုင်းပြုမူမိနေတဲ့ အပြုအမူတွေကို လေ့လာကြည့်ရအောင်။
အသင့်စား အစားအစာများ
Photo : Eat This, Not That
ယနေ့ခေတ်မှာ အမျိုးစုံသော အရသာရှိတဲ့ အသင့်စား အစားအစာတွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ယနေ့ခေတ်လူနေမှု ပုံစံအရ ချက်ပြုတ်စားသုံးတာထက် အသင့်စား အစားအသောက်တွေကို ပိုပြီး စားလာကြတဲ့အတွက် ကင်ဆာအပါအဝင် ရောဂါဖြစ်ပွားမှု ပိုများလာပါတယ်။ အသင့်စားအစာတွေမှာ တာရှည်ခံဓါတုပစ္စည်းတွေ၊ ဆိုးဆေးတွေနဲ့ ဆားဓာတ်တွေက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒီအလေ့အထကိုပြောင်းလဲဖို့ လိုအပ်ပါတယ်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သားငါး၊ သစ်သီးများနှင့် အစေ့အဆန်များကို ကျန်းမာရေးနှင့် ညီညွှတ်အောင် ချက်ပြုတ်စားသောက်ခြင်းက ကွီးတို့အတွက် ရောဂါကင်းပြီး အသက်ရှည် ကျန်းမာစေပါတယ်။
လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်း
Photo : Complete Wellbeing
ယနေ့ခေတ် လူနေမှုပုံစံကြောင့် လူတော်တော်များများက အထိုင်များလေ့ရှိပါတယ်။ အထိုင်များခြင်းကြောင့် အဝလွန်နိုင်ခြေ များပါတယ်။ အဝလွန်ခြင်းက ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်းနှင့် အနီးကပ်ဆုံး ဆက်စပ်မှုရှိပါတယ်။ လမ်းလျှောက်ခြင်းလို နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုခုကို အနည်းဆုံး (၃၀) မိနစ်ခန့်လုပ်ခြင်း နဲ့ အခြားသော လှုပ်ရှားမှုတို့ကို ပုံမှန် အချိန်ပေးပြီး ပြုလုပ်ခြင်းက ကွီးတို့ကို ကျန်းမာကြံ့ခိုင်စေပါတယ်။
ဆေးလိပ် သောက်ခြင်း
Photo : Dr.Mohan’s Diabetes
ကွီးတို့ရေ ဘယ်လို ဆေးရွက်ကြီးအမျိုးအစားမဆို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အချို့လူတွေက ဆေးလိပ်သောက်နေတုန်းပါဘဲ။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာ၊ ခံတွင်း၊ လည်ချောင်း၊ အသံအိုး၊ စတဲ့ ကင်ဆာအမျိုးအစားအမျိုးမျိုးနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်မသောက်ဖူးဆိုရင်တောင်မှ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ထိတွေ့မိခြင်းက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ကို ရှောင်ကြဉ်ခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။
ညနက်သည်အထိ မအိပ်ဘဲ နေခြင်း
Photo : New Scientist
တီဗီရှေ့မှာ အိပ်တာ၊ ညနက်တဲ့အထိ ဖုန်း အသုံးပြုပြီး မအိပ်တာလို အကျင့်ဆိုးတွေက အိပ်စက်မှုပုံစံကို ထိခိုက်စေတဲ့ အကျင့်ဆိုးတွေ ဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေကို တိုးစေပါတယ်။ Melatonin ခေါ်တဲ့ ဟော်မုန်းဓါတ်က “Circadian Rhythm” လို့ခေါ်တဲ့ ကွီးတို့ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်း စက်ဝန်းနှင့် ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ အထက်ကပြောခဲ့တဲ့ အိပ်စက်မှု အကျင့်ဆိုးကြောင့် ဦးနှောက်ရဲ့ အလယ်တွင်ရှိသော သေးငယ်သော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Epiphysis က Melatonin ကို ကောင်းစွာ မထုတ်နိုင်သောကြောင့် ကင်ဆာရောဂါနဲ့ အခြားသော ကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညနက်ထိမအိပ်ပဲနေတတ်တဲ့ အကျင့်ကို ခုချက်ချင်း ရပ်တန့်ပစ်ဖို့ လိုနေပါပြီ။
သကြားပါသောအချိုရည်များ
Photo : Scripps Health
ယနေ့ခေတ်မှာ လူငယ်အများစုဟာ အအေးခံထားတဲ့အချိုရည်ကို ပိုသောက်လာကြပါတယ်။ အအေးခံထားသော အချိုရည်များနှင့် ပြုပြင်ထားသော ဖျော်ရည်တွေက သကြားပါဝင်မှု များပါတယ်။ သကြားပါဝင်မှု မြင့်မားသော အဖျော်ယမကာများ သောက်သုံးခြင်းက ကင်ဆာအမျိုးအစားများစွာကို ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ အဝလွန်ခြင်းနဲ့လည်း နီးနီးကပ်ကပ် ဆက်စပ်နေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ အချိုရည်သောက်တာကို လျှော့ချပြီး ရေကို ပိုသောက်ခြင်းက ကျန်းမာရေးကို ပိုပြီး ကောင်းစေပါတယ်။
နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှု များလွန်းခြင်း
Photo : HealthCemtral
အရေပြားကင်ဆာဖြစ်ပွားမှုက နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု များခြင်းကြောင့် အဓိက ဖြစ်ပါတယ်။ အများသားများက အမျိုးသမီးများထက် အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ အချိန်အတော်ကြာ အပြင်ထွက် အလုပ်လုပ်ရတဲ့အခါ၊ နေရောက်အောက်မှာ ကြာကြာနေရမဲ့ အခါမျိုးမှာ နေရောင်ကာခရင်မ်လိမ်းတာ၊ အကာအကွယ်ပစ္စည်းတွေဖြစ်တဲ့ ဦးထုပ်၊ နေကာမျက်မှန်၊ အင်ကျီ ဘောင်းဘီရှည် ဝတ်တာတွေကို လုပ်ဆောင်သင့်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေထဲက ဘယ်အချက်တွေကို နေ့တိုင်းလုပ်မိနေသလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။ ကျန်းမာပျော်ရွှင် အသက်ရှည်ချင်ရင် ထိုအရာတွေကို ခုချက်ချင်း စက္ကန့်မခြား ရပ်တန့်ပစ်ဖို့ တိုက်တွန်းပါရစေ။
Source : ONCO
Featured Photo : Alpha