လူသား နှစ်ယောက်သည် အချစ်လို့ခေါ်တဲ့ စိတ်ကူယဥ် ခံစားချက်တစ်မျိုးကို ညီတူမျှတူ ဝေမျှ ခံစားနေတယ်ဆိုရင် အချစ်ခရီးလမ်းရဲ့ အစလို့ ခေါ်ဆိုနိုင်ပါတယ်။ တဖြည်းဖြည်း အချစ်တွေ ခိုင်မြဲလာတဲ့အခါ အတူတူ လက်တွဲမယ့် အဆင့်၊ သူ့ကို တစ်သက်လုံး ပေါင်းသင်းမယ်ဆိုတဲ့ ခံစားချက်အဖြစ်သို့ တိုးလာမှာပဲဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ ခံစားချက်တွေသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး တစ်ယောက်ကို တစ်ယောက် ခေါက် ထားတာတို့ ပလစ် လိုက်တာတို့ ဖြစ်လာမှာပါ။ နောက်ဆုံးမှာတော့ လမ်းခွဲခြင်းနဲ့သာ အဆုံးသတ်ရမှာပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလိုမျိုး တစ်ယောက်ကို တစ်ယောက် ခေါက် ထားတာတို့ ပလစ် ထားတာတို့ ဖြစ်လာတာလဲ။
ကိုယ့်ကို စိတ်မဝင်စားတော့တဲ့အခါ
အရင်တုန်းကဆို သူ့ရဲ့ တစ်ရက်တာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မမောနိုင် မပန်းနိုင် တတွတ်တွတ် ထိုင်ပြောတတ်တဲ့လူက ခုရက်ပိုင်းကျမှ စကားနည်းသွားနေပါသလား။ ကိုယ် ပြောနေတာတွေကိုလည်း ကြားတစ်ချက် မကြားတစ်ချက်နဲ့ စိတ်မဝင်စားသယောင် ပြနေရင် သေချာပါတယ်၊ သူတို့ရဲ့ အာရုံက ကွီးတို့ဆီမှာ မရှိလို့ပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် ကွီးတို့ကို သူတို့ စိတ်မဝင်စားတော့လို့ပါပဲ။
အသစ်တွေ့သွားတဲ့အခါ
နောက်တစ်ချက်ကတော့ သူတို့က အသစ်တွေ့သွားတဲ့အခါမှာတော့ ကွီးတို့ကို မရှိတဲ့လူလို သဘောထားမှာပဲဖြစ်ပါတယ်။ လူနှစ်ယောက်ကို အချိန်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ယောက်တည်းကိုပဲ အချိန်ပေးနိုင်မှာပါ။ ဒါဆိုရင်တော့ သူ ပိုစိတ်ဝင်စားတဲ့တစ်ယောက်ကိုပဲ ဦးစားပေးနေမှာပါ။ ဒါ့ကြောင့် ကွီးတို့ကို ပလစ်ထားတာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ဘက်က အေးတိအေးစက် ဆက်ဆံမိတဲ့အခါ
တစ်ခါတစ်လေမှာ ကိုယ့်ဘက် အေးတိအေးစက် ဆက်ဆံမိတဲ့အခါမျိုးရှိတတ်ပါတယ်။ ကိုယ့်ဘက်က ရည်ရွယ်ချက်မရှိဘဲ အေးတိအေးစက် ဆက်ဆံမိတဲ့အခါ တစ်ဖက်ကလည်း တူညီတဲ့ တုန့်ပြန်ချက်နဲ့ ပြန်လည် တုန့်ပြန်ပါလိမ့်မယ်။ ဆိုလိုတာကတော့ သူ့ဘက်က စိတ်ကုန်သွားတဲ့အခါမှာ ကွီးတို့ရဲ့ အချစ်နဲ့ နွေးထွေးမှုတွေကို တောင့်တမျှော်လင့်မနေတော့ဘဲ ကွီးတို့ကို တဖြည်းဖြည်းချင်း စွန့်ခွာသွားတာပဲဖြစ်ပါတယ်။ ကွီးတို့ သိလိုက်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားပါပြီ။ ဒါ့ကြောင့် တစ်ဖက်က ကိုယ့်အပေါ် တွယ်တာနေချိန်မှာ ကိုယ့်ဘက် အေးတိအေးစက် ဆက်ဆံနေလို့မရပါဘူး။ နွေးထွေးမှုအပြည့်နဲ့ ဆက်ဆံပေးဖို့ လိုအပ်ပါတယ်။
သူ့မှာ စိတ်ညစ်စရာတွေ ရှိနေတဲ့အခါ
လူတိုင်းမှာ သူ့အပူနဲ့သူ ရှိတတ်ကြပါတယ်။ သမီးရည်းစား ဖြစ်ကြသည့်တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မရှိကြတဲ့ စုံတွဲတွေ အများကြီးပါပဲ။ တစ်ခါတစ်လေမှာလည်း တချို့တွေက သူတို့ရဲ့ အပူကို မကူးချင်လို့ သူတို့ရဲ့ စိတ်ညစ်စရာတွေကို မပြောပြတာမျိုးလည်း ရှိပါတယ်။ သူ့ဘက်က စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများ ရှိနေတဲ့အခါ ကိုယ့်ကို ဂရုစိုက်အားတော့မှာမဟုတ်ဘဲ ခေါက်ထားသလို ဖြစ်သွားတတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာဆိုရင် ကွီးတို့သည် သူ(မ)ဘက်က အခြေအနေကို သေချာဂရုစိုက်သင့်ပါတယ်။ သူ(မ)က ကိုယ့်ကို တကယ်ပဲ စိတ်မဝင်စားတော့လို့၊ မချစ်တော့လို့ ပလစ်ထားတာလား၊ ဒါမှမဟုတ် စိတ်ညစ်စရာများ၊ စိတ်ဓာတ်ကျစရာများရှိလို့ ကိုယ့်ကို ဂရုမစိုက်အားတာလား ဆိုတာကို ခွဲခွဲခြားခြား သိထားသင့်ပါတယ်။
ခံစားချက်ချင်း ထပ်တူမကျတော့တဲ့အခါ
ဘယ်လောက်ပဲ ချစ်ချစ်၊ ကံပါသလောက်ပဲ ဆုံဆည်းကြရတာမဟုတ်လား။ စိတ်သဘောထား မတိုက်ဆိုင်တော့တဲ့အခါ၊ ဦးစားပေးအရာတွေ မတူညီတော့တဲ့အခါ၊ ရေစက် ကုန်သွားတဲ့အခါမှာတော့ တစ်ယောက်က လက်လွှတ်ချင်ရင် လက်လွှတ်ပေးလိုက်ရတာပါပဲ။ အတင်းကြီး ဖက်တွယ်ထားနေရင် ဖက်တွယ်ထားတဲ့သူပဲ ခံစားရမှာပါ။ ခံစားချက်ချင်း ထပ်တူ မကျတော့တဲ့အခါ အရင်ကလို ဘာပြောပြော အချိန်ကုန်ခံပြီး နားထောင်ပေးချင်မှာမဟုတ်တော့ပါဘူး။ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ အချိန်တစ်ခုဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
ကိုယ့်ဘက်က ဒီလိုမျိုး ခေါက်ထားခံရပြီဆိုရင် ဘယ်လိုမျိုး ပြုမူရမလဲ။
ဘာမှ မပြောခင် သေသေချာချာ စဥ်းစားပါ
ဒေါနဲ့ မောနဲ့ ဖြေရှင်းခြင်းက ပြဿနာတစ်ခုကို ဖြေရှင်းနည်း အစစ်အမှန် မဟုတ်ပါဘူး။ ခေါင်းအေးအေးထားပြီး ဖြေရှင်းမှသာလျှင် ပြဿနာတစ်ခုကို ပြေပြေလည်လည် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကွီးတို့ နှစ်ယောက်ကြားက ပြဿနာတွေကို အမုန်းတွေနဲ့ အဆုံးမသတ်ချင်ဘူးမဟုတ်လား။ ဒါ့ကြောင့် ဘာမှ မပြောခင်၊ ဘာမှ မလုပ်ခင်မှာ သေသေချာချာ ခေါင်းအေးအေးထားပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဥ်းစားရပါမယ်။ နှစ်ဦးသား ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်မှသာလျှင် ရှေ့ဆက်လျှောက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို အဖြေရှာတွေ့မှာပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ
ကိုယ့်ဘက် သူ့ဘက် မှားတာတွေ မှန်တာတွေ စွပ်စွဲမနေပါနဲ့။ ဘက်မလိုက်ဘဲ ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်ဘက်က မှားတာတွေ ရှိရင်လည်း ဝန်ချ တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ သူ့ဘက်က အမှားတွေကိုလည်း ခွင့်လွှတ်ပေးလိုက်ပါ။ ဆက်ဆံရေးတစ်ခုမှာ ဆက်ထုံးတွေ များနေရင် မကောင်းပါဘူး။ နှစ်ဦး နှစ်ဖက်စလုံးက တင်းမာနေရင်လည်း ချက်ချင်းကို ပြတ်တောက်သွားမှာပဲဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုရင် တစ်ယောက်က တင်းမာနေချိန်မှာ အခြားတစ်ယောက်က အလျော့ပေးလိုက်ပါ။ မလျော့ မတင်းနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိမှသာလျှင် ထိုဆက်ဆံရေးက အဆင်ပြေမှာဖြစ်ပါတယ်။
လက်လွတ်လိုက်ပါ
ညှိနှိုင်းလို့ ဘယ်လိုမှ အဆင်မပြေရင်တော့ အကောင်းဆုံးက လမ်းခွဲလိုက်တာပါပဲ။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ပေးဆပ်နေပါစေ၊ တစ်ဖက်လူက အသိအမှတ်မပြုပေးရင် ထိုပေးဆပ်ခြင်းက အလကားပါပဲ။ ဘာ့ကြောင့် ကိုယ့်စိတ်ကိုယ် အပင်ပန်းခံကာ ညှင်းဆဲနေမှာလဲ။ ချည်နှောင်မထားတော့ဘဲ လွှတ်ပေးလိုက်တာက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုကောင်းပါတယ်။
ကွီးတို့ရော ကိုယ်က ပလစ်ခံလိုက်ရတဲ့အခါ ဘယ်လိုလုပ်လေ့ရှိပါသလဲ။
Source: Momspresso
Featured Image: The Plunge