တက်စတိုစတီရုန်းဆိုတာ ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ သူက ကြွက်သားထုထည်၊ အသံသြလာတာနဲ့ မျက်နှာပေါ်က အမွေးအမျှင်တွေလိုမျိုး အမျိုးသားတွေရဲ့ လက္ခဏာတွေကို ဖွံ့ဖြိုးလာစေဖို့ တာဝန်ယူပေးပါတယ်။
ခွန်အား၊ အရိုးသိပ်သည်းဆနဲ့ သွေးနီဥထုတ်လုပ်မှုအတွက်လည်း လိုအပ်ပါတယ်။ တက်စတိုစတီရုန်း ပမာဏတွေက အသက်အရွယ်အလိုက် ပြောင်းလဲတတ်ပြီး အသက်ကြီးလာတာနဲ့အမျှ လျော့ကျလာပါတယ်။
တက်စတိုစတီရုန်းက အမျိုးသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အတွက် သူတို့ရဲ့ အသက် ၃၀ ဝန်းကျင်လောက်ကစပြီး ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ စတင်ခံစားရနိုင်ပါတယ်။
အကယ်၍ သင်ဟာ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး ဖြစ်တယ်ဆိုရင် အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ တက်စတိုစတီရုန်းနည်းပါးခြင်းရဲ့ လက္ခဏာတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပြဿနာကို ဖြေရှင်းဖို့နဲ့ သင်ရဲ့ အထွေထွေကျန်းမာရေးနဲ့ သက်သာချောင်ချိရေးကို တိုးတက်စေဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ တက်စတိုစတီရုန်းနည်းပါးခြင်းရဲ့ လက္ခဏာတွေ

၁။ လိင်စိတ်ဆန္ဒ လျော့ကျခြင်း
တက်စတိုစတီရုန်းက လိင်စိတ်ဆန္ဒကို နှိုးဆွပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တက်စတိုစတီရုန်းနည်းပါးခြင်းရဲ့ အသိသာဆုံး လက္ခဏာတွေထဲက တစ်ခုကတော့ လိင်စိတ်ဆန္ဒ လျော့ကျလာတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ တက်စတိုစတီရုန်း ပမာဏ လျော့ကျသွားတာက လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်နဲ့ လှုပ်ရှားမှုတွေကို လျော့ကျစေနိုင်ပြီး ဆက်ဆံရေးတွေနဲ့ သင့်ရဲ့ ဘဝအရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

၂။ ပန်းသေပန်းညှိုးဖြစ်ခြင်း (ED)
တက်စတိုစတီရုန်းနည်းပါးတာက ပန်းသေပန်းညှိုးဖြစ်ခြင်းကို မဖြစ်မနေ ဖြစ်စေတာ မဟုတ်ပေမယ့် လိင်စိတ်ဆန္ဒ လျော့ကျခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လျော့ကျခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှု လျော့ကျခြင်း၊ စိတ်ဖိစီးမှု တိုးလာခြင်း၊ စိတ်ခံစားမှု ကျဆင်းခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်းတွေကတစ်ဆင့် ပန်းသေပန်းညှိုးဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၃။ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခွန်အားမရှိခြင်း
အကယ်၍ သင့်မှာ တက်စတိုစတီရုန်းနည်းပါးနေတယ်ဆိုရင် သင်ဟာ ပင်ပန်းနွမ်းနယ်တာကို ခံစားရနိုင်ပြီး ပုံမှန်ထက် ခွန်အားနည်းနေသလိုမျိုး ခံစားရနိုင်ပါတယ်။ တက်စတိုစတီရုန်းက ခန္ဓာကိုယ်ရဲ့ ခွန်အားထုတ်လုပ်မှုအတွက် အရေးကြီးတဲ့အတွက် တက်စတိုစတီရုန်း လျော့ကျသွားတာက ထိုင်းမှိုင်းတာနဲ့ စိတ်အားထက်သန်မှု လျော့ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။

၄။ ကြွက်သားထုထည် လျော့ကျခြင်း
တက်စတိုစတီရုန်းက အမျိုးသားတွေမှာ ကြွက်သားထုထည်ကို တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ တက်စတိုစတီရုန်း ပမာဏ လျော့ကျလာတာနဲ့အမျှ ကြွက်သားထုထည် လျော့ကျသွားတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
၅။ ခန္ဓာကိုယ်အဆီ တိုးလာခြင်း
တက်စတိုစတီရုန်းက ကြွက်သားတွေအတွက် အဓိက တည်ဆောက်ပေးတဲ့ အရာတစ်ခု ဖြစ်ရုံသာမက ခန္ဓာကိုယ်အဆီ ဖြန့်ဝေမှုကို ထိန်းညှိပေးရာမှာလည်း ပါဝင်ပါတယ်။ တက်စတိုစတီရုန်း ပမာဏနည်းပါးတဲ့ အမျိုးသားတွေဟာ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်မှာ ခန္ဓာကိုယ်အဆီ တိုးလာတာကို ခံစားရနိုင်ပါတယ်။ ဒါက အမျိုးသားတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ထိခိုက်စေနိုင်ပြီး နှလုံးရောဂါလိုမျိုး ကျန်းမာရေးအခြေအနေတွေ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

၆။ စိတ်ခံစားမှု အပြောင်းအလဲတွေ
တက်စတိုစတီရုန်းက စိတ်ခံစားမှု ထိန်းညှိရာမှာ ပါဝင်တဲ့အတွက် တက်စတိုစတီရုန်း ပမာဏနည်းပါးတဲ့ အမျိုးသားတွေဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဒေါသထွက်လွယ်ခြင်းနဲ့ စိတ်ကယောက်ကယက်ဖြစ်ခြင်း အပါအဝင် စိတ်ခံစားမှု အပြောင်းအလဲတွေကို ခံစားရနိုင်ပါတယ်။ အဲဒီအပြောင်းအလဲတွေက သင့်ရဲ့ စိတ်ကျန်းမာရေး၊ အလုပ်၊ ဆက်ဆံရေးကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။
၇။ အရိုးသိပ်သည်းဆ လျော့ကျခြင်း
တက်စတိုစတီရုန်းက အရိုးတည်ဆောက်ပုံကို ထိန်းသိမ်းဖို့အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ တက်စတိုစတီရုန်း ပမာဏ လျော့ကျသွားတာက အရိုးသိပ်သည်းဆကို လျော့ကျစေနိုင်ပြီး အရိုးပွရောဂါနဲ့ အရိုးကျိုးနိုင်ခြေကို မြင့်တက်စေပါတယ်။ သိပ်သည်းဆပိုနည်းတဲ့ အရိုးစုစနစ်က သွားလာလှုပ်ရှားနိုင်မှုနဲ့ လွတ်လပ်မှုကိုလည်း လျော့ကျစေနိုင်ပြီး ဒါက သင့်ရဲ့ သွားလာလှုပ်ရှားနိုင်စွမ်းနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စွမ်းအပေါ် ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။
အကယ်၍ သင်ဟာ အဲဒီလက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဘာလုပ်သင့်သလဲ
အကယ်၍ သင်ဟာ အဲဒီလက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ရိုးရှင်းတဲ့ သွေးစစ်ဆေးမှုတစ်ခုက သင့်ရဲ့ တက်စတိုစတီရုန်း ပမာဏကို အတည်ပြုပေးနိုင်ပြီး တက်စတိုစတီရုန်းနည်းပါးတာက သင့်လက္ခဏာတွေရဲ့ အကြောင်းရင်းဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။ ပြင်းထန်မှုအပေါ် မူတည်ပြီး သင့်ဆရာဝန်က တက်စတိုစတီရုန်းကို မြှင့်တင်ပေးဖို့အတွက် ဟော်မုန်းအစားထိုး ကုသမှု ဒါမှမဟုတ် သင့်လက္ခဏာတွေနဲ့ အထွေထွေကျန်းမာရေးကို တိုးတက်စေဖို့ တခြားကုသမှုတွေကို အကြံပြုနိုင်ပါတယ်။
တက်စတိုစတီရုန်းနည်းပါးတာက သင့်ရဲ့ အကောင်းဆုံးဘဝကို ဖြတ်သန်းဖို့ အဟန့်အတား မဖြစ်ပါစေနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အသက် ၄၀ ကျော် အမျိုးသားတွေမှာ အဖြစ်များတဲ့ အဲဒီကျန်းမာရေးပြဿနာကို ဖြေရှင်းဖို့ ဆောင်ရွက်ပါ။
Ref : atlantciurologyclinics


